ကျောက်တော်မှာ လက်လုပ်မိုင်း ၄ လုံး တွေ့ရှိ
2017.11.16

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရန်ကုန်-စစ်တွေကားလမ်းမကြီးပေါ်မှာရှိတဲ့ မိုင်တိုင်အမှတ်- ၁၅၃-၁၅၄ အကြား အပေါက်ဝကျေးရွာ ဒေးဝန်းတံတားအနီးမှာ ဒီနေ့မနက် လက်လုပ်မိုင်း ၄ လုံး တွေ့ရှိခဲ့ပါတယ်။
အဲဒီမိုင်းတွေက ပေ ၂၀ ခန့် အကွာအဝေးစီခြားပြီး ထောင်ထားတာဖြစ်ပြီးတော့ တပ်မတော် အင်ဂျင်နီယာတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီးရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောပါတယ်။
အဲဒီလက်လုပ်မိုင်းတွေက ဘယ်သူတွေက ဘာအတွက်ထောင်ထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
မနေ့က မင်းပြားမြို့နယ် ဖားပျော်တံတားအနီးမှာ တပ်မတော် ထောက်ပံ့ရေးယာဉ်သုံးစီး ဖြတ်သွားစဉ် မိုင်း ၄ လုံးပေါက်ကွဲခဲ့သလို ညနေပိုင်းမှာလည်း မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းဘေးမှာ မိုင်း ၁ လုံး ထပ်မံပေါက်ကွဲခဲ့တာကြောင့် သီလရှင် ဆရာလေးတစ်ပါး ထိခိုက်ဒဏ်ရာအချို့ရရှိပြီး ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မြို့အဝင်အထွက်တွေကို စစ်ဆေးတာတွေပြုလုပ်နေသလို လုံခြုံရေးကိုလည်း တင်းကျပ်ထားတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောပါတယ်။