ကျောက်တော်မြို့မရဲစခန်းမှူး သေနတ်ပစ် လုပ်ကြံခံရ


2020.08.13

ရခိုင်ပြည်နယ် ကျောက်တော်မြို့မရဲစခန်းမှူးကို မနေ့ညနေပိုင်းက စခန်းအနီး လက်ဖက်ရည်ဆိုင်မှာရှိနေစဉ် အမည်မသိ လူ လေးဦးက သေနတ်နဲ့ လာရောက်ပစ်ခတ်လုပ်ကြံခဲ့တဲ့အတွက် အဲဒီနေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ ဒီလုပ်ကြံမှုဟာ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေ၊ ဒါမှမဟုတ် AA အပေါ် ထောက်ခံအားပေးသူတွေရဲ့ လက်ချက်ဖြစ်တယ်လို့ မြို့ခံတွေက ယူဆထားပါတယ်။  

ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ် မြို့မရဲစခန်းက စခန်းမှူးဖြစ်သူ ဒုရဲမှူး ထွန်းနိုင်ဦးကို မနေ့ ညနေ ၈ နာရီ လောက်မှာ စခန်းနဲ့ ကိုက် ၃၀ ခန့်အကွာ လက်ဘက်ရည်ဆိုင်မှာ အမည်မသိ လူလေးယောက်က သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဦးခေါင်းနောက်စေ့မှာ ဒဏ်ရာတစ်ချက်၊ နောက်ကျောမှာ ကျည်ဒဏ်ရာနှစ်ချက်နဲ့ ပွဲချင်းပြီး သေဆုံးသွားတာလို့ မျက်မြင်သက်သေ မြို့ခံတွေကပြောပါတယ်။

မနေ့ညနေက ကျောက်တော်မြို့ပေါ်မှာ သေနတ်သံတွေ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်းမှာ မြို့မရဲစခန်းမှူး သေနတ်ဒဏ်ရာနဲ့ သေဆုံးတဲ့သတင်းကို ကြားသိခဲ့ရတယ်လို့ ကျောက်တော်မြို့ခံ ကိုကျော်လှမြင့်က RFA ကို ပြောပါတယ်။

“ညနေ ၇နာရီ ၄၈ မိနစ်လောက်မှာ သေနတ်သံတွေက ဒိုင်းဒိုင်း အဲဒီလိုကြားလာတယ်ဗျ။ သေနတ်သံက တစ်ဆယ်၊ နှစ်ဆယ်လောက်ကြားတယ်။ အဲဒီသေနတ်သံတွေ ထွက်ပေါ်လာပြီးတဲ့နောက် ကျောက်တော်မြို့မ စခန်းမှူးသေတယ်ဆိုပြီးတော့ ကြားသိရတယ်။ အဲဒီလောက်ပဲသိတယ်ဗျ။ ကျွန်တော်တို့က ဘယ်သူဘယ်ဝါ ပစ်တယ်ဆိုတာတော့ မသိဘူး။ အဲဒီ ကျောက်တော်မြို့မရဲစခန်းနဲ့ ကပ်လျက်နေရာမှာရှိတဲ့ စားကုန်ဆိုင်မှာ လက်ဖက်ရည်သွားသောက်တဲ့အခါမှာ အဲဒီနေရာမှာပဲ ဖြစ်တယ်လို့ ရဲစခန်းက ကြားသိရပါတယ်။ ကျွန်တော်တို့ သိရသလောက်က ကျည်ထိဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ သိရတယ်။ ဒဏ်ရာက နှစ်ချက်ရတယ်လို့ ပြောသံကြားတယ်”

စခန်းမှူးရဲ့ ရုပ်အလောင်းကို ရဲတပ်ဖွဲ့က အကူအညီတောင်းတာကြောင့် အဲဒီအလောင်းကို ရဲစခန်းဝန်းထဲကနေ ကျောက်တော်ဆေးရုံက ရင်ခွဲရုံကို မနေ့ကညနေပိုင်းက ပို့ဆောင်ခဲ့ရတယ်လို့ ကျောက်တော်မြို့နယ် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်လှကလည်း RFA ကို အတည်ပြုပြောပါတယ်။

“၈ နာရီနီးပါးလောက်မှာ ရဲကအကြောင်းကြားတယ်။ အဲဒီရဲစခန်းကနေ သွားပြီးတော့ အလောင်းကို သွားယူတယ်။ အဲဒီလောက်ပါပဲ။ အဲဒီသေနေတဲ့အလောင်းကို ဆေးရုံရင်ခွဲရုံကို ပို့ပေးပါဆိုလို့ ကျွန်တော်တို့ ပို့ပေးလိုက်တယ်။ အဲဒီအလောင်းကို ရဲစခန်းဝန်းထဲကနေ ဆေးရုံကိုပြောင်းပေးတာ


ဒီလုပ်ကြံမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ကျောက်တော်မြို့ပေါ်က ဒေသခံတွေဟာလည်း လုံခြုံရေးအတွက် စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးဦးမြင့်နိုင်ကို ဒီသတင်းနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာတော့ မနေ့က ညနေပိုင်းက  ရဲစခန်းအနားမှာ ပစ်ခတ်သံတွေကြားရလို့ အနီးအနားက ဒေသခံတွေ ထွက်ပြေးခဲ့ရပြီး မနက်မိုးလင်းတဲ့အခါမှ ရဲစခန်းမှူးသေဆုံးတဲ့ သတင်းကို ကြားရတယ်လို့ ဦးဦးမြင့်နိုင်က ပြောပါတယ်။

“မနေ့က ကျွန်တော်တို့ ကျောက်တော်မှာ ၈ နာရီလောက်မှာ ပစ်ခတ်တဲ့အသံတော့ ကြားလိုက်တယ်။ ရဲစခန်းဘက်က အသံပေါ့နော်။ ဘာဖြစ်လို့ပစ်တာလဲဆိုတာကိုတော့ အတည်ပြုဖို့ခက်ခဲ့တယ်။ ညနေပိုင်း ကျတော့လေ။ ပစ်တဲ့အခါကျတော့ အနီးအနားမှာရှိတဲ့လူတွေကလည်း နီးစပ်ရာ ကိုယ့်အိမ်ကိုကိုယ်ပြေးတာ ပေါ့နော်။ ကျွန်တော်တို့လည်းပြေးတာပါပဲ။ မနက်မိုးလင်းတော့ ရဲစခန်းက စခန်းမှူးကျတယ် ပုံစံမျိုးတော့ ကြားတယ်။ ကျွန်တော်တို့လည်း သွားကြည့်တာတော့ မဟုတ်ဘူး။ ကြားတော့ကြားတယ်။ အဲဒီလောက်ပဲ သိတယ်”

ဒီကိစ္စနဲ့ပတ်သက်လို့  အသေးစိတ်အတည်ပြုချက်ရနိုင်ဖို့ ကျောက်တော်မြို့မရဲစခန်းကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် စခန်းက လက်ခံဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။  မြို့ခံ ဒေသခံတွေရဲ့ အဆိုအရ  စခန်းမှူးကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသူတွေဟာ ရက္ခိုင်တပ်တော် AA အဖွဲ့ဝင်တွေ၊ ဒါမှမဟုတ် ကျောထောက်နောက်ခံ ပေးနေသူတွေရဲ့ လက်ချက်ဖြစ်တယ်လို့ မြို့ခံတွေက ယူဆနေကြပါတယ်။

ဒီလိုပြောဆိုချက်နဲ့ပတ်သက်လို့ “ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။  ကျောက်တော်လုပ်ကြံမှုမှာ AA အဖွဲ့ပါဝင်ပတ်သက်မှုရှိမရှိ မေးမြန်းရာမှာ ပြောခွင့်ရသူ ခိုင်သုခက ဖြေကြားခြင်းမရှိဘဲ တစုံတရာ မှတ်ချက်မပေးလိုကြောင်းသာ ဖြေကြားခဲ့ပါတယ်။  

“ရခိုင်ဒေသမှာ လက်နက်မရှိတဲ့ ရခိုင်ပြည်သူလူထုတွေ မြန်မာစစ်တပ်ကနေ နေ့စဉ်နဲ့အမျှ မတရားအနိုင်ကျင့် ပစ်ခတ်သတ်ဖြတ်ခံနေရချိန်မျိုးမှာ မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက လူတစ်ယောက် အသတ်ခံရတဲ့ကိစ္စအပေါ် တစုံတရာ မှတ်ချက်ပေးစရာမရှိပါဘူး”

အရင်တုန်းကလည်း ကျောက်တော်မြို့ပေါ်မှာ အခုလို ရဲတပ်ဖွဲ့ဝင်တွေ လုပ်ကြံသတ်ဖြတ်ခံရတာတွေ ရှိခဲ့ဖူးပါတယ်။  ပြီးခဲ့တဲ့ဇွန်လ ၁၃ ရက်နေ့ကလည်း ဆိုင်ကယ်စီးလာတဲ့လူ လူနှစ်ကဓားနဲ့ဝိုင်းထိုးလို့ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲအုပ်အောင်မင်းဇော် သေဆုံးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ကလည်း ရဲမှူးစောသန်းလွင် ဓားထိုးခံရလို့ သေဆုံးသွားခဲ့သလို ၂၀၁၉ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ကျောက်တော်မြို့မရဲစခန်းက ရဲတပ်ကြပ် ဦးမောင်လှ ဓားထိုးခံရလို့ သေဆုံးခဲ့ရပါတယ်။  

ဒီဖြစ်ရပ်တွေနဲ့မှာ AA အဖွဲ့ပါဝင်ပတ်သက်တယ်လို့ ပြောဆိုကြတာတွေနဲ့ ပတ်သက်လို့လည်း RFA က မေးမြန်းရာမှာ AA အဖွဲ့က တစုံတရာ တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပါဘူး။  

ကျောက်တော်စခန်းမှူး လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကိုလည်း RFA က တယ်လီဖုန်းကနေ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။