ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွယ်ကြောင်း စွပ်စွဲ ဖမ်းဆီးခံထားရသူ ၈ ဦး ကို ပြန်လွှတ်ပေး


2015.07.02
kyauktaw-township-620.jpg ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်ကို မြင်ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံထားရ သူတွေထဲက ၈ ဦးကို ကျောက်တော်မြို့နယ် တရားရုံးက ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

အဲဒီ ၈ ဦးကို စွဲဆိုထားတဲ့ အမှုကိုပြန်ရုပ်သိမ်းပေးလိုက်တဲ့အတွက် အပြီးလွတ်မြောက်သွားတာလို့ လိုက်ပါကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

"အခု စွဲဆိုထားတဲ့လူတွေနဲ့ ပတ်သက်လို့ ဥပဒေနဲ့အညီ တရားစွဲဆိုခြင်း မပြုတော့ပါဘူးဆိုပြီးတော့ ရုပ်သိမ်းလွှာတင်တဲ့အခါမှာ တရားရုံးကလည်း ဥပဒေနဲ့အညီ ရုပ်သိမ်းပေးနိုင်တယ်လို့ ယူဆတဲ့အတွက် တရားရှင်စစ်ချက်မတင်ဘဲ လွှတ်ပေးတာဖြစ်ပါတယ်"

ဒီနေ့ လွတ်မြောက်လာသူတွေက ကျောက်တော်မြို့နယ်မှာ နေထိုင်တဲ့ ဦးထွန်းလှခိုင်၊ ဦးမောင်မောင်စန်း၊ ဦးမောင်ကျော်လှိုင်၊ ဦးမောင်စိန်လှိုင်၊ ဦးကောင်းစံ၊  ဦးကျော်ထွန်း၊ ဦးလှရွှေနဲ့ ဦးမောင်သန်းမြင့်တို့ ဖြစ်ပါတယ်။

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ဟာ ကျောက်တော်မြို့နယ် ပီချောင်းဒေသမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရမ်းဗြဲနဲ့ မြေပုံက ဒေသခံ ၃၃ ယောက်ကို AA နဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိသူတွေကို ကျောက်တော်မြို့နယ် ရဲစခန်းထံ လွှဲပြောင်းပေးပြီး ရဲစခန်းက မတရားအသင်းအက် ဥပဒေပုဒ်မ ၁၇(၁)(၂) တို့နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

အဲဒီ ၃၃ ယောက်ထဲက မြိုတိုင်းရင်းသား ၈ ယောက်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပြီး နောက်ထပ် ၈ ဦးကို ဒီနေ့ ထပ်မံလွှတ်ပေးလိုက်တာဖြစ်ပါတယ်။

ကျန်တဲ့ ၁၇ ဦးကိုတော့ ကျောက်တော်မြို့နယ် ရဲစခန်းမှာ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။