ကျောက်တော် အဓိကရုဏ်းမှာ ဖမ်းထားသူူ ၁ဝ ဦး ပြန်လွတ်လာပြီ
2013.02.02

တရားရုံးက ပြစ်မှုထင်ရှားမတွေ့ရှိဖူးဆိုပြီး သူတို့ကို အခုလိုအပြီးသတ် လွှတ်လိုက်တာဖြစ်တယ်လို့ လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ ဦးအေးမောင် က RFA ကို ပြောပါတယ်။
“ကျတော်တို့ ၁ဝ ဦးက ဒီနေ့ပဲ ဒုတိယခရိုင် တရားရုံးကနေပြီးတော့ ၅ နာရီလောက်မှာ အခုလွတ်လာပါပြီခင်ဗျ၊ ဒီအမှုမှာ ကျနော်တို့က အမှုမမြောက်ဘူး၊ အမှုမှာ မထင်ရှားဘူးပေါ့၊ ကျွန်တော်တို့လုပ်တာ မဟုတ်ဘူးဆိုပြီးတော့ တရားရုံးက အဲသည်လို ဆုံးဖြတ်ပါတယ်ခင်ဗျ”
မနေ့က လွတ်မြောက်လာတဲ့ ကျောက်တော်မြို့နယ် နဂရာကျေးရွာသား ၁ဝ ဦးကို အဲဒီကျေးရွာတစ်ဝိုက်မှာ လုံခြုံရေးယူနေတဲ့ ခမရ-၃၇၅ တပ်ရင်းက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှာ ဖမ်းဆီးသွားခဲ့ပါတယ်။
သူတို့ကို စစ်တွေအကျဉ်းထောင်မှာ ထားရှိခဲ့ပြီးနောက် စစ်တွေ ဒုတိယခရိုင်တရားရုံးမှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂ လူသတ်မှု၊ ပုဒ်မ ၄၃၆ အိုးအိမ်ဖျက်ဆီးမှု၊ ပုဒ်မ ၁၁၄ ပြစ်မှု အားပေးကူညီမှုစတဲ့ ပုဒ်မတွေနဲ့ ရုံတင်စစ်ဆေးခဲ့ပါတယ်။ ဒါပေမယ့် တရားလိုပြသက်သေ ၁၅ ဦးကို စစ်ဆေးအပြီးမှာ တရားရုံးက အခုလို သူတို့ကို လွှွတ်ပေးလိုက်တာ ဖြစ်ပါတယ်။
ကျောက်တော်မြို့နယ်အတွင်း ဇွန်လက ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး တရားရုံးတွေမှာ လက်ရှိအမှုရင်ဆိုင်နေရသူ ၁၅ ဦး ကျန်ရှိနေသေးတယ်လို့လည်း မနေ့က လွတ်မြောက်လာသူ ဦးအေးမောင် က ပြောပါတယ်။