ကျောက်တော်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး အရပ်သားတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ


2019.05.20
kyauktaw-injured-622 - ကျောက်တော်မြို့နယ် မျောက်တောင်ရွာနှင့် မာလာတောင်ရွာအကြားတွင် ၂ဝ၁၉ မေလ ၁၉ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားသည့်အတွက် ဒဏ်ရာရခဲ့သည့် မာလာတောင်ရွာသား အသက်သုံးနှစ်အရွယ်ကလေးငယ်။
(Photo: ဖြူစင်မေတ္တာပရဟိတအသင်းကျောက်တော်မြို့)

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မျောက်တောင်နဲ့မာလာတောင်ကျေးရွာကြားမှာ မနေ့ကပစ်ခတ်မှု ဖြစ်ပွားတဲ့အတွက် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး၊ နောက်ထပ်ကလေးငယ်တစ်ဦးနဲ့ လူကြီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကုလားတန်မြစ်အရှေ့ဘက်မှာရှိတဲ့ မျောက်တောင်နဲ့ မာလာကျေးရွာနှစ်ခု ကြားမှာ မနေ့က ည ၆ နာရီခွဲလောက်မှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာပါ။ ဒီပစ်ခတ်မှုကြောင့် မျောက်တောင်ကျေးရွာက အသက် ၁၀ နှစ်အရွယ် လေးတန်းကျောင်းသူ မအသိန်းချေ ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ မျောက်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်လှစိန်က ပြောပါတယ်။

ဒါ့အပြင် မာလာကျေးရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံနဲ့ နေအိမ်တချို့ပေါ်ကို ဗုံးသီးတွေကျရောက် ပေါက်ကွဲခဲ့ပြီးအသက်သုံးနှစ်အရွယ် မောင်ခိုင်လင်းဌေးနဲ့ အသက် ၇၅ နှစ်အရွယ် ဦးအောင်နီတို့ ဒဏ်ရာရခဲ့ပါတယ်။ မောင်ခိုင်လင်းဌေးကို ဒီနေ့မနက်ပိုင်းမှာ စစ်တွေဆေးရုံကြီးကိုအရေးပေါ် ပို့ဆောင် လိုက်ရပြီး ဦးအောင်နီကတော့ ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

မနေ့က ပစ်ခတ်မှုဖြစ်တဲ့ မျောက်တောင်နဲ့ မာလာတောင်ကျေးရွာဟာ မိုင်ဝက်ခန့်သာ ကွာဝေးတယ်လို့သိရပါ တယ်။ ရွာနှစ်ရွာကြားက စေတီတောင်မှာသီတင်းသုံးနေတဲ့ သံဃာတော်တစ်ပါးကို သေဆုံးသူ မိန်းကလေးငယ်က သူ့ရဲ့မောင်နဲ့အတူ အချိုရည်သွားကပ်ပြီးအပြန်မှာ တိုက်ပွဲဖြစ်တာနဲ့ကြုံရတာလို့ဒေသခံတွေကပြောပါတယ်။

တပ်မတော်သားတွေက “ရန်သူ၊ ရန်သူ” လို့ အော်ပြောပြီး ပစ်ခတ်ခဲ့တာလို့ ထွက်ပြေးလွတ်မြောက်လာတဲ့ မောင်ဖြစ်သူရဲ့ ပြောဆိုချက်ကိုကိုးကားပြီး အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးကပြောပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက အခုလိုတုံ့ပြန်ပါတယ်။

“မနေ့က တပ်က ယာဉ်တန်းနဲ့လာတဲ့အချိန်မှာ မာလာရွာအဝင်နားကို ရောက်တဲ့အခါမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းတယ်။ ရှင်းတဲ့အချိန်မှာ AA က ရွာထဲကနေ ပစ်တာ။ ပစ်တဲ့အခါကျတော့ သူပစ်ကိုယ်ပစ် ပစ်တာတော့ရှိတယ်၊ တပ်မတော်ကတော့ နေရင်းထိုင်ရင်းနဲ့တော့ မပစ်ဘူးခင်ဗျ။ ဥပမာ.. AA က မာလာရွာထဲကနေ ပစ်တယ်ဆိုရင်တော့ သူပစ်ကိုယ်ပစ် ပစ်တဲ့အခါမှာ AA ရဲ့ ကျည် ဖြစ်နိုင်သလို ကျနော်တို့ရဲ့ကျည်လည်း ဖြစ်နိုင်တယ်။ ဘယ်ကျည်ကြောင့်မှန်တယ် ဆိုတာတော့ ကျနော်တို့ မသိဘူး”

ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ မနေ့က တိုက်ပွဲဖြစ်ပွားတာရှိဘူးလို့ပြောဆိုပြီး အခုလိုတုံ့ပြန်ပါတယ်။

“ဒါကတော့ ဗမာစစ်တပ်က စဉ်ဆက်မပြတ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် သူတို့လုပ်ကြံပြီး ပြောတဲ့ဟာပဲ။ ရွာတွေကို အရင်တုန်းကလည်း သူတို့ ဝင်ပြီးပစ်တာတွေ အများကြီး ရှိတာပဲ။ ရွာတင်မကသေးဘူး မြို့ကိုတောင်မှ ဝင်ပစ်တာ၊ မြောက်ဦးမြို့ထဲကို ဘာတိုက်ပွဲမှမရှိဘဲနဲ့ ဝင်ပစ်ခဲ့တာ အကုန်လုံး သက်သေအထောက်အထားတွေ ရှိတာပဲ။ အခုလည်းပဲ အဲဒီနေရာမှာ ဘာမှတိုက်ပွဲဖြစ်တာမရှိဘူး”

မနေ့က ကားအစီးရေ ၅၀ ကျော်ပါတဲ့ တပ်မတော်ယာဉ်တန်းဟာ ပလက်ဝဘက်လမ်းကြောင်းကနေ ကျောက်တော်ဘက်ကို လာရာမှာ မျောက်တောင်နဲ့ မာလာကျေးရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်ဆိုတဲ့အချက်ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကလည်း အတည်ပြုပြောဆိုသလို ဒေသခံမျက်မြင်အချို့ကလည်း ဒီနေ့မနက်က ပစ်ခတ်မှုဖြစ်တဲ့နေရာကို သွားကြည့်ရာမှာ လမ်းဘေးမှာ မြေမြုပ်မိုင်းပေါက်ကွဲခဲ့တဲ့ ကျင်းတစ်ခုကိုတွေ့ရတယ်လို့ ပြောဆိုပါတယ်။

ဒါပေမယ့် ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ တပ်မတော်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်တာမလုပ်ဘူးလို့ ငြင်းဆိုပါတယ်။

မနေ့က တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကိုအကြောင်းပြုပြီး တပ်မတော်က ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာလို့လည်း ဒေသခံရွာသားတွေကပြောပါတယ်။

အမည်မဖော်လိုတဲ့ မာလာတောင်ရွာသားတစ်ဦးက အရပ်သားတွေကိုအကာအကွယ်ယူပြီးတိုက်ခိုက်တာတွေ မလုပ်စေချင်ဘူးလို့ပြောပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက အေအေ အဖွဲ့အနေနဲ့ တပ်မတော်ကို တိုက်ခိုက်တဲ့အခါမှာ ကျေးရွာအတွင်းနဲ့ရွာအနီးတွေမှာမလုပ်ဖို့နဲ့ အဲလိုမျိုးသာရှောင်ရှားမယ်ဆိုရင် ရွာသားတွေ အပေါ်ထိခိုက်မှာမဟုတ်ဘူးလို့ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ AA အဖွဲ့အနေနဲ့ အရပ်သားတွေအပေါ် ထိခိုက်မယ့် လုပ်ရပ်တွေကို ဘယ်တော့မှမလုပ်ဘူးလို့ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက်ကနေ ဒီနေ့အထိ နှစ်ဘက်တိုက်ပွဲကာလအတွင်း သေဆုံးသူ အရပ်သား ၄၀ နီးပါးအထိ ရှိလာနေသလို ထိခိုက်ဒဏ်ရာရသူတွေကတော့ ၇၀ ကျော်အထိ ရှိလာနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။