တပ်မတော်က ဖမ်းဆီးအမှုဖွင့်ထားသူ ရွာသားတစ်ဦး ဒဏ်ရာတွေနဲ့သေဆုံး


2019.05.27
kyawhlaing-kyauktan-622 တပ်မတော်က ဖမ်းဆီးစစ်ဆေးပြီးနောက် ကျောက်တော်ဆေးရုံကို ရောက်လာတဲ့ မင်းသားတောင်ရွာက ဦးကျော်လှိုင် ကို ၂ဝ၁၉ မေ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: Zaw Worn

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာက ရွာသား သုံးဦးကို တပ်မတော်က ဖမ်းဆီးပြီးနောက် အဲဒီအထဲက ရိုက်နှက်ခံရတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ကျောက်တော်ဆေးရုံမှာ အရေးပေါ်ကုသမှုခံယူနေရတဲ့ အသက် ၄၃ နှစ်အရွယ် ဦးကျော်လှိုင်ဟာ မနေ့က သေဆုံးသွားပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရဲ့ အရှေ့ဘက် မင်းသားတောင်ကျေးရွာက ရွာသားသုံးဦးဟာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ တောတောင်ထဲကို သစ်ဝါးခုတ်သွားရင်း အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးနေခဲ့ရာကနေ မေလ ၂၅ ရက်နေ့မှာ ကျောက်တော်မြို့နယ်အခြေစိုက် စကခ(၉)တပ်ရင်းက ကျောက်တော် မြို့မရဲစခန်းကို လာရောက်အပ်နှံခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

အဲဒီအထဲက ဦးကျော်လှိုင်ဟာ ဒဏ်ရာဒဏ်ချက်တွေကြောင့် ဆေးရုံမှာ ကုသမှုခံယူခဲ့ရာကနေ မနေ့က မွန်းလွဲပိုင်းမှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မနေ့ကဆေးရုံမှာ ဒဏ်ရာနဲ့သေဆုံးသွားတဲ့ ဦးကျော်လှိုင်ဟာ အသက် ၄၃ နှစ်အရွယ်ဖြစ်ပြီး ကျန်နှစ်ဦးဖြစ်တဲ့ ဦးမောင်မဲက အသက် ၅၄ နှစ်နဲ့ ဦးပြည်သိမ်းအောင်က အသက် ၄၆ နှစ်အရွယ်တွေဖြစ်ကြတယ်လို့ သိရပါတယ်။

သူတို့ဟာ တောတောင်ကိုအမှီပြုပြီး မိသားစုဝမ်းရေးအတွက် လုပ်ကိုင်နေကြသူတွေဖြစ်တယ်လို့လည်း မိသားစုက ပြောပါတယ်။

မေလ ၂၅ ရက်နေ့မှာ ရွာသား သုံးဦးဟာ ကျောက်တော်ရဲစခန်းနဲ့ ဆေးရုံကို ရောက်ရှိနေတယ်လို့ သတင်းစကားအရ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်ဆိုတာ မိသားစုဝင်တွေက စတင်သိရှိခဲ့ရတာလို့လည်း ဆိုပါတယ်။

အဲဒီအထဲက မနေ့ကသေဆုံးသွားတဲ့ ဦးကျော်လှိုင်ကတော့ သတိမရတော့တဲ့အတွက် ဆေးရုံပေါ်မှာ အရေးပေါ် ကုသမှုခံယူခဲ့ရတာဖြစ်တယ်လို့ သေဆုံးသူ ဦးကျော်လှိုင်ရဲ့ သမီးဖြစ်သူ မသန်းသန်းဦးကပြောပါတယ်။

"ဆေးရုံကိုသွားကြည့်တော့ မနေရဘူး။ ခဏပဲကြည့်ခွင့်ရတယ်။ အဲဒီမှာရှိနေတဲ့ ရဲသုံးယောက်က ခဏနေရင် ထွက်သွားလို့ပြောတယ်။ အဲဒီအချိန်မှာ အဖေ့ကိုတော့ အောက်ဆီဂျင် ပေးထားရတယ်။ မျက်နှာတစ်ခုလုံး ရမ်းရောင်နေတယ်။ အရုပ်ကိုတောင် မှတ်မရဘူး။ ခန္ဓာတစ်ကိုယ်လုံးမှာလည်း ဒဏ်ရာတွေချည်းပဲ။ ရဲတွေကတော့ လူနာကို စစ်တပ်က သူတို့ဆီလာအပ်တာလို့ ပြောတယ်။ ရဲလက်ထဲအပ်တာနဲ့ ဆေးရုံကို ချက်ချင်းပို့လိုက်တာလို့ပြောတယ်"

ဆေးရုံကိုရောက်ရှိနေတဲ့ ဦးကျော်လှိုင်ကို ရဲလုံခြုံရေးတွေချထားပြီး မိသားစုဝင်တွေကို အချိန်အနည်းငယ်သာ တွေ့ခွင့်ပေးခဲ့တယ်လို့ သမီးဖြစ်သူ မသန်းသန်းဦးက ပြောပါတယ်။

ဦးကျော်လှိုင်ဟာ မျက်နှာ၊ ခြေလက်၊ ကိုယ်ခန္ဓာတွေမှာရရှိထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် သတိမရတော့တာလို့လည်းဆိုပါတယ်။

သေဆုံးသူဦးကျော်လှိုင်ရဲ့ မိသားစု။
သေဆုံးသူဦးကျော်လှိုင်ရဲ့ မိသားစု။

ဦးကျော်လှိုင်ကို အနီးကပ်ကြည့်ရှုခွင့်ရခဲ့တဲ့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကလည်း သူ့ရဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။

"ကျွန်တော်တို့ကိုယ်တိုင်လည်း သူ့ကိုမြင်တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ သတ်တာ၊ ပုတ်တာ၊ ရိုက်တာ ဖြစ်ပါ တယ် အဲဒီဒဏ်ရာတွေက။ မျက်နှာတွေမှာ ဖူးရောင်နေပြီး လက်တွေခြေတွေမှာ ဒဏ်ရာဒဏ်ချက်တွေကို တွေ့ရတယ်။ ကျွန်တော်တို့အမြင်မှာတော့ ညှဉ်းပမ်းနှိပ်စက်ခံရတဲ့ လက္ခဏာလို့ပဲ သုံးသပ်ပါတယ်ခင်ဗျ။ ရဲစခန်းကပြောတာကတော့ အဲဒါတွေဟာ စကခ(၉)က ရဲစခန်းကို အပ်လာလို့ နှစ်ဦးကိုတော့ ကျောက်တော် ရဲစခန်းမှာထားတယ်။ သူကတော့ အရေးပေါ်လူနာအဖြစ် ကျောက်တော်ဆေးရုံမှာ ဆေးကုသခံယူနေရတယ်လို့ ပြောတယ်"

ဦးကျော်လှိုင်ရဲ့ရုပ်အလောင်းကို မိသားစုက မနေ့က သဂြိုဟ်ခဲ့ပြီး ကျန်ရှိနေတဲ့ နောက်ထပ် ရွာသားနှစ်ဦးမှာလည်း ဒဏ်ရာဒဏ်ချက်တွေ ရရှိထားတာကြောင့် ဆေးရုံမှာ ဒီနေ့ကုသခဲ့ရတယ်လို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူ ဦးပြည်သိမ်းမောင်ရဲ့ သားဖြစ်သူ ကိုဝင်းဝင်းထွန်းက ဒီနေ့မနက်က သူ့ဖခင်နဲ့ သွားတွေ့ခဲ့ရာမှာ တပ်မတော်က ညှဉ်းပန်းနှိပ်စက်တာကို ခံခဲ့ရတဲ့အကြောင်း ပြောပြခဲ့တယ်လို့ ပြောပါတယ်။

"သူတို့ကရိုက်တယ်၊ နှိပ်စက်တယ်၊ လျှပ်စစ်ကာရန်းတွေ ဆင်ပြီးတော့လည်း နှိပ်စက်တယ်။ ရိုက်တယ်။ ခင်ဗျား အေအေ မဟုတ်ဘူးလား၊ အေအေကို ထမင်းသွားပို့တာမဟုတ်ဘူးလား အဲလိုမျိုးတွေပြောတယ်တဲ့။ အဖေ့ကျန်းမာရေးအခြေအနေကတော့ အခုမှဆေးရုံမှာပြရတာ။ ဆေးထိုးပြီးတာနဲ့ အချုပ်ခန်းထဲကို တန်းပြီးခေါ်သွားတယ်"

ဒီကိစ္စတွေနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA ကဆက်သွယ်မေးမြန်းခဲ့ရာမှာ အဲဒီသတင်းကို မသိရသေးဘူးလို့ပြောပါတယ်။

"အဲဒီသတင်းကတော့ ကျွန်တော်တို့လည်း မသိသေးဘူး။ အောက်ကိုမေးမြန်းစုံစမ်းတုန်းပဲ ရှိသေးတယ်ဗျ။ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကိုလည်း မေးကြည့်ပါဦး။ သူသိရင်တော့ ပြန်ပြောပါလိမ့်မယ်"

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဒီနေ့ညနေ ၄ နာရီ မိနစ် ၄၀ မှာ RFA ကဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အစည်းအဝေးရှိနေလို့ ဖြေဖို့မဖြစ်သေးဘူးလို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။

ကျေးရွာသား သုံးဦးကိစ္စနဲ့ပတ်သက်လို့ ကျောက်တော်မြို့မ ရဲစခန်းမှူးကို မနေ့ကသွားရောက်တွေ့ဆုံခဲ့ရာမှာ သူတို့ကို အမှတ်-၃၇၅ တပ်ရင်းက တရားလိုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတဲ့ အကြောင်း ရှင်းပြခဲ့တယ်လို့ မင်းသားတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်က ပြောပါတယ်။

"ကျောက်တော်စခန်းမှူးကတော့ ပြောပါတယ်။ စခန်းမှူးကပြောတာက သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ပြောပါတယ်။ သူတို့ကို စစ်တပ်ကနေပြီးတော့ တရားစွဲဆိုထားတာလို့ ပြောပါတယ်။ ဘယ်တပ်လဲဆိုတော့ ခမရ-၃၇၅ လို့ပြောပါတယ် စခန်းမှူးက"

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူတာဟာ အေအေအဖွဲ့နဲ့ ပတ်သက်ပြီး တရားစွဲဆိုတဲ့ ဥပဒေတစ်ခု ဖြစ်တဲ့အတွက် ရွာသား သုံးဦးကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခ ကို RFA ကမေးမြန်းရာမှာ သူတို့ဟာ အေအေအဖွဲ့နဲ့ ပတ်သက်မှုမရှိဘဲ သာမန်အရပ်သားတွေသာဖြစ်တယ်လို့ ပြောပါတယ်။

"အဲဒီလူတွေနဲ့ ကျွန်တော်တို့နဲ့ ဘာမှပတ်သက်မှု မရှိဘူးခင်ဗျ။ သူတို့ကနေပြီးတော့ သူတို့ဟာသူတို့ လုပ်ကိုင်စားသောက်နေတဲ့ ဒေသခံအရပ်သားတွေဖြစ်တယ်။ ဒါကို သူတို့ရွာကလူတွေရော အဲဒီဒေသကလူတွေပါ အကုန်သိတယ်။ ကျွန်တော်တို့ အေအေနဲ့ သူတို့နဲ့ ဘာမှပတ်သက်မှုမရှိပါဘူး။ သူတို့က တောထဲကိုသွားတဲ့အခါ နေပြီးတော့ စစ်ကြောင်းတွေကတွေ့ပြီးတော့ သူတို့ကို မတရားအနိုင်ကျင့်ပြီးတော့ အခုလိုမျိုး ပုဒ်မတွေအမျိုးမျိုး တပ်ပြီးတော့ ဒါစွပ်စွဲပြီးတော့ ဒုက္ခပေးတာလို့ပဲ ကျွန်တော်တို့က အဲလိုပဲမြင်တယ်"

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေအဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကာလအတွင်း တပ်မတော်ဘက်က ဖမ်းဆီးထားပြီးနောက် သေဆုံးခဲ့ရတဲ့သူဟာ အရင်က ၁၀ ဦးရှိခဲ့ရာကနေ အခုနောက်ထပ်တစ်ဦး ထပ်မံတိုးလာတာလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။