ကျောက်တော်မြို့နယ်မှာ သေနတ်ကျည်ထိမှန်မှု တစ်ဦး သေ


2019.05.10
pharapaung-villagers-flee-622.jpg ကျောက်တော်မြို့နယ် ဘုရားပေါင်းရွာက ထွက်ပြေးနေတဲ့ ရွာသားတွေကို ၂ဝ၁၉ ခုနှစ် မေလ ၉ ရက်နေ့က တွေ့ရစဉ်
Photo: Arakan Human Rights Fund

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်ပေါက်ရွာနဲ့ ဘုရားပေါင်းရွာကြားမှာ ဒီနေ့မနက်က တပ်မတော်ဘက်က ပစ်ခတ်မှုကြောင့် တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျောက်တော်ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီနေ့မနက် ၆ နာရီလောက်က ကျောက်တော်မြို့အနားက တောင်ပေါက်ရွာနဲ့ ဘုရားပေါင်းကျေးရွာကြားမှာ ပေါက်ကွဲသံနဲ့အတူ ပစ်ခတ်မှုဖြစ်ခဲပြီး ဆိုင်ကယ်မောင်းသူ တစ်ယောက်သေဆုံးကာ ကူးတို့သမားတစ်ယောက် ဦးခေါင်းကို သေနတ်ကျည်ထိမှန်ခဲ့လို့ ကျောက်တော်မြို့နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ကျောက်တော် ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အနောက်ပိုင်းတိုင်း  စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ပစ်ခတ်မှုဖြစ်ပွားတယ်ဆိုတဲ့ နေရာမှာ တပ်မတော်စစ်ကြောင်း မရှိကြောင်း RFA ကို ပြောပါတယ်။

သေဆုံးသွားသူဟာ ဘုရားပေါင်းရွာက ဆိုင်ကယ် ကယ်ရီမောင်းတဲ့ ဦးမောင်မောင်လှဖြစ်ပြီး ဦးခေါင်းကိုသေနတ်ကျည်ထိမှန်ခဲ့သူက တောင်ပေါက်ရွာနဲ့ စစ်အောင်ရွာကို ကူးတို့ မောင်းပို့နေတဲ့ ဦးတင်ဝင်းဖြစ်ကာ ဒဏ်ရာရရှိသူရော သေဆုံးသူရော လက်ရှိ ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံကို ရောက်နေတယ်လို့ သိရပါတယ်။

ပစ်ခတ်သံတွေက နှစ်ဘက်တိုက်ပွဲဖြစ်ပွားလို့ ပစ်ခတ်နေတဲ့ အသံတွေမဟုတ်ဘဲ တစ်ဘက်တည်းက ပစ်ခတ်တဲ့အသံကိုပဲ ကြားရတယ်လို့ ကျောက်တော်မြို့ခံ လူထုဇော်ဝင်းက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရခိုင့်တပ်တော် AA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲ ဖြစ်ပွားနေတဲ့ ကာလဖြစ်ပါတယ်။

AA  အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့... မေလ ၈ ရက်နေ့က တောင်ပေါက်ရွာအနောက်ဘက်မှာ မြန်မာ့တပ်မတော် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာမှာ မြန်မာ့တပ်မတော်ဘက်က အကျအဆုံးရှိခဲ့တဲ့အတွက်  ဒီနေ့မနက်မှာ အရပ်သားတွေကို ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

လက်ရှိအချိန်မှာ တောင်ပေါက်ရွာနဲ့ စစ်အောင်ရွာက ဒေသခံတွေကတော့ နီးစပ်ရာရွာတွေက ဆွေမျိုးတွေဆီကို ရွှေ့ပြောင်းနေကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။