ကျောက်တော်မှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရ
2024.01.10
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အပေါက်ဝရွာမှာ ဇန်နဝါရီလ ၁၀ ရက် ဒီနေ့ မနက်ပိုင်း စစ်ကောင်စီ တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာ ကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။
အပေါက်ဝရွာ၊ ချောင်းဝရပ်ကွက်မှာနေထိုင်တဲ့ ဦးဒက်မောင် နေရာမှာတင် သေဆုံးခဲ့ပြီး ဦးအထွန်းချေ၊ ဦးအောင်ထွန်းမြနဲ့ ဦးအောင်မြသာတို့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
ရွာအနီး တိုက်ပွဲမရှိဘဲ ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် အမြောက်တပ် (၃၇၇) တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။
“မနက် လေးနာရီခွဲလောက်ကစပြီး ပစ်တာပါ။ ဆယ်လုံးကျော်ပစ်တယ်။ (၃၇၇) တပ်ရင်းကပစ်တာ။ တိုက်ပွဲဖြစ်တာမရှိဘူး။ ဒီအတိုင်း ရွာထဲကိုလှမ်းပစ်တာ။ အဲဒီမှာ တစ်ယောက်ပွဲချင်းပြီး သေတယ်။ လောလောဆယ် ဒဏ်ရာရတဲ့သူက သုံးယောက် ရှိသွားပြီ”
အိမ်ခြေတစ်ထောင်ကျော်နဲ့ လူဦးရေငါးထောင်ကျော်ရှိတဲ့ အပေါက်ဝရွာက ဒေသခံအားလုံး နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။
ဒီအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲပြင်းထန်နေ တာ နှစ်လ နီးပါးရှိပြီဖြစ်ပြီး အရပ်သားသေဆုံးမှုလည်း နေ့စဉ် တိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။