မြောင်မြို့နယ်က ကျောက်ရစ်ရွာ မီးရှို့ခံရ
စစ်ကိုင်းတိုင်း၊ မြောင်မြို့နဲ့ ၁၂ မိုင်အကွာမှာရှိတဲ့ ကျောက်ရစ်ကျေးရွာမှာ စက်တင်ဘာလ ၁၂ ရက်နေ့ ညပိုင်း က လူနေအိမ်ငါးလုံး မီးရှို့ခံလိုက်ရတယ်လို့ မြောင်မြို့နယ် ဒေသခံတွေက RFA ကို ဒီကနေ့မှာ ပြောပါတယ်။
ကျောက်ရစ်ကျေးရွာအနားမှာ စက်တင်ဘာလ ၈ ရက်နေ့နဲ့ ၁၀ ရက်နေ့တွေက ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ကျောက်ရစ်ရွာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေက စက်တင်ဘာ ၁၂ ရက်နေ့ ညပိုင်းမှာ ရွာထဲကို မီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြော ပါတယ်။
“ ၁၂ ရက်နေ့ည ၉ နာရီ ၁၅ မိနစ်လောက်မှာ ရွာကိုမီးစရှို့တာ၊ အဲဒီမှာ မီးရှို့ပြီးပြေးတဲ့သူတွေကို ပစ်တယ်၊ တချို့ရွာသားတွေကတော့ မပြေးကြဘဲ မီးပြန်ငြှိမ်းကြတာ၊ ဒါကြောင့် အိမ်က ငါးအိမ်ပဲလောင်သွားတယ်၊ မီးလောင်တဲ့အထဲက တစ်အိမ်ကတော့ သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေး မကောင်းတဲ့သူတွေရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မီးလောင်မှုကြောင့် လူသေဆုံးသူမရှိခဲ့ဘဲ စစ်ကောင်စီတပ်သားတွေရဲ့ပစ်ခတ်မှုကြောင့် ရွာသား ခုနစ်ဦး သေဆုံးခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ကျောက်ရစ်ကျေးရွာဟာ အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိတဲ့ ကျေးရွာကြီးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ ကျောက်ရစ်ရွာထဲက လူနေအိမ်တွေကို မီးဝင်ရှို့တဲ့ကိစ္စအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။