ကျောက်တော်က ဖမ်းထားသူများ စစ်တွေကိုပို့

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က မီးရှို့မှုများနဲ့ ဖမ်းဆီးခံရသူတွေကို သက်ဆိုင်ရာက စစ်တွေအကျဉ်းထောင်ကို မနေ့ညက ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။

2012.06.18
sittwe-riot-police2-b305 ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သော လူမျိုးရေး ဘာသာရေး ပဋိပက္ခမှုများဖြစ်ပေါ်နေစဉ် အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင် တချို့ စစ်တွေမြို့တွင်း ကင်းလှည့် စောင့်ကြပ်နေစဉ်။
RFA

မနေ့ ညက ရောက်လာတာလို့ စစ်တွေဒေသခံတစ်ယောက်က ပြောပါတယ်။ စစ်တွေထာင်ကို ပို့လိုက်သူ ၉ ဦးရှိတယ်လို့ သိရပါတယ်။

"ရခိုင် ၉ ဦး၊ ဘုန်းကြီး ၁ ပါး အပါအဝင်ပေါ့။ ဒီမီးရှို့မှုနဲ့ပေါ့၊ ဒီကုလား ရခိုင်အဓိကရုဏ်းမှာပါတဲ့ အဲဒီလူတွေကို မနေ့ကည ၉ နာရီမှာ စစ်တွေကိုပို့လို့ ထောင်အချုပ်ထဲမှာ ရှိနေပါတယ်။ ပုဒ်မတပ်ပြီးတော့ တရားစွဲမယ်လေ။ အဲဒီလိုပြောသံကြားတယ်"

ကျောက်တော်မြို့က ၆ မိုင်လောက်အကွာမှာရှိတဲ့ သံခါးတောင်ရွာ မီးရှို့မှုနဲ့ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ ဒေသခံတစ်ထောင်လောက်က ကျောက်တော်မြို့လည် ပန်းခြံမှာ မနေ့ကဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြပွဲကို တပ်ရင်းတစ်ရင်း ရောက်လာပြီး ခြိမ်းခြောက်တဲ့အခါ လူ ၅၀၀ လောက် ကျန်ရစ်ခဲ့ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက တရားဥပဒေအရ ဖြေရှင်းမယ်လို့ ဆန္ဒပြသူတွေကို ပြောကြားတဲ့အတွက် လူစုကွဲသွားတယ်လို့ ကျောက်တော်ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှာ ဇွန် ၁၅ ရက်နေ့ မွန်းတည့်က ဖြစ်ပွားတဲ့ မီးကွင်းပစ်မှုမှာ ပါဝင်ပတ်သက်တဲ့လူတွေကို ဒေသအာဏာပိုင်တွေ၊ လုံခြုံရေးအဖွဲ့တွေနဲ့ အကြမ်းဖက်မှု မလိုလား တဲ့ ပြည်သူတွေ ပူးပေါင်းပြီး အမြန်ဆုံးဖမ်းဆီးမိဖို့ ဆောင်ရွက်နေတယ်လို့ မနေ့ကထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားတာလည်း ရှိပါတယ်။

သီးခြားအတည်ပြုလို့မရသေးတဲ့ သတင်းတွေအရ တောင်ကုတ်-သံတွဲလမ်းဆုံမှာ လူ ၁၀ ဦးသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူကို သံတွဲက Amazing ဟိုတယ်မှာ ဖွင့်လှစ်ထားတဲ့ စုံစမ်းရေးအဖွဲ့က စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ် အဓိကရုဏ်းမှုနဲ့ ပတ်သက်ပြီး စစ်တွေအကျဉ်းထောင်မှာ ရခိုင်တိုင်းရင်းသား ၄၀ လောက် ဖမ်းဆီးထားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။