John McCain Freedom ဆု သံအမတ်ကြီး ဦးကျော်မိုးထွန်း လက်ခံရရှိ

အမေရိကန်နိုင်ငံ International Republican Institute (IRI) က နှစ်စဉ် ဒီမိုကရေစီလွတ်လပ်ခွင့်အတွက် ကြိုးပမ်းသူတွေကို ချီးမြှင့်တဲ့ ၂၀၂၁ ခုနှစ်အတွက် John McCain Freedom Award 2021 ဆုကို သံအမတ် ကြီး ဦးကျော်မိုးထွန်း ရရှိခဲ့ပြီး အောက်တိုဘာလ ၁၉ ရက်နေ့က ဆုတက်ယူခဲ့ပါတယ်။
ဝါရှင်တန်ဒီစီမှာ ပြုလုပ်ခဲ့တဲ့ IRI ရဲ့ ဆုပေးပွဲအခမ်းအနားကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံရဲ့ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုယ်တိုင် တက်ရောက်ပြီး ဆုလက်ခံခဲ့တာပါ။
တကမ္ဘာလုံးက လွတ်လပ်ရေး၊ ဒီမိုကရေစီရေးနဲ့ တန်းတူညီမျှရေးတို့အတွက် ကြိုးပမ်းသူတွေကို ၁၉၉၅ ခုနှစ်ကတည်းစလို့ (IRI) က နှစ်စဉ် ဆုချီးမြှင့်ခဲ့တာဖြစ်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို လက်မခံဘဲ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပူးပေါင်းပါဝင်ခဲ့တာကြောင့် ဒီဆုကို ချီးမြှင့်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူ အမေရိကန် အထက်လွှတ်တော်အမတ်တွေလည်း ပါဝင်သလို IRI ဥက္ကဋ္ဌ ဒေါက်တာ Daniel Twining၊ ဂရမ်မီဆုရ ကျူးဘားအနုပညာရှင် Willy Chirino ၊ ဘီလာရုစ်နိုင်ငံရေး အကျဉ်း သားများ ညှိနှိုင်းရေးကောင်စီ ကိုယ်စားလှယ် Tatsiana Khomich၊ လစ်သူယေးနီးယား ဝန်းကြီးချုပ် Ingrida Simonyte နဲ့ လစ်သူယေးနီးယားပါလီမန်အမတ် Zygimantas Pavilionis တို့လည်း ဆုရှိခဲ့တယ်လို့ IRI က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဆုကို ၁၉၉၉ ခုနှစ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့သလို ကွယ်လွန်သွား ပြီဖြစ်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်းပါဝဲလ် (Colin Powell )၊ အမေရိကန်သမ္မတ George W Bush၊ ရုရှားဒီမိုကရေစီခေါင်းဆောင် ဘောရစ်နမ်ဆော့ဗ် အပါအဝင် ထင်ရှားသူတွေလည်း ရရှိခဲ့ဖူးပါတယ်။