ဗကသကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို ကို ဖမ်းဆီး ၊ နောက်တစ်ဦးကို ဖမ်းဝရမ်းထုတ်
2015.10.29

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် ဖမ်းဝရမ်းထုတ်ခံ ထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုဟာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီးမှာ ဒီနေ့ ဖမ်းဆီးခံလိုက်ရပါတယ်။
ကိုကျော်ကိုကို ကို ဘယ်ရဲစခန်းက ဖမ်းတယ်ဆိုတာ မသိသေးကြောင်း သူ့ရဲ့ဖခင်ဖြစ်သူ ဦးကျော်အေး က ပြောပါတယ်။
"သူ့ကိုဆွဲသွားတယ်၊ လှမ်းပြောသွားတယ် ဆွဲသွားပြီပေါ့နော်၊ ဘယ်ကိုခေါ်သွားလဲတောင် ပြောလို့မရဘူးလို့ သူပြောသွားတယ်ခင်ဗျ၊ ၁၂ နာရီလောက်ကခင်ဗျ၊ ကျနော်တို့တော့ ကမာရွတ်ဘက်သွားတယ်ခင်ဗျ၊ မရှိဘူးတဲ့"
ကိုကျော်ကိုကို ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး သင်္ဃန်းကျွန်း၊ ဒဂုံနဲ့ ကမာရွတ်မြို့နယ်ရဲစခန်းတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူတို့ဖမ်းဆီးတာ မဟုတ်ကြောင်း ငြင်းဆိုကြပါတယ်။
ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုဟာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့အတွက် ရန်ကုန်တဝိုက် က ဆန္ဒပြပွဲတွေနဲ့ လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းမှာ ဦးဆောင်ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ အဲဒီလိုဆန္ဒပြမှုတွေကြောင့် ကိုကျော်ကိုကိုနဲ့အတူ ကိုရဲရင့်ကျော်၊ ကိုမြတ်သူအောင်နဲ့ ကိုလင်းထက်နိုင်တို့ ဖမ်းဝရမ်းထုတ်ခံထားရတာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေနဲ့ ကျောင်းသား ကျောင်းသူတွေကို ပြန်လွှတ်ပေးဖို့အတွက် သာယာဝတီအကျဉ်းထောင် မှာ ကျောင်းသားနဲ့ ဝန်းရံသူတချို့ အစာငတ်ခံဆန္ဒပြနေစဉ်မှာ ဗကသအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို ကို ဖမ်းဆီး တဲ့အပေါ် သန်လျင်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်ထုတ် လိုက်ပါတယ်။
ဒီအတောအတွင်းမှာပဲ မြင်းခြံနည်းပညာတက္ကသိုလ်က စတုတ္ထနှစ်မြို့ပြ အင်ဂျင်နီယာကျောင်းသူ မနှင်းအိစံကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ နဲ့အမှုဖွင့်ထားတဲ့အတွက် ရဲက မနေ့က ဖမ်းဝရမ်းထုတ်လိုက် ပါတယ်။
ဒီမိုကရေစီပညာရေး ပင်မကျောင်းသား သပိတ်စစ်ကြောင်းကို အကြမ်းဖက် ဖြိုခွဲနှိမ်နင်းတာတွေမလုပ်ဖို့ ပြီးခဲ့တဲ့မတ်လက မြင်းခြံမြို့မှာတောင်းဆိုခဲ့တဲ့ ကျောင်းသား ၁၀ ယောက်ကို ပုဒ်မ ၁၈ နဲ့အမှုဖွင့်ထားပြီး၊ ကျောင်း သားတွေက တရားရုံးကိုမသွားခဲ့တဲ့အတွက် အခုချိန်မှာ ဖမ်းဝရမ်းထုတ်တာဖြစ်တယ်လို့ ဝရမ်းထုတ်ခံထားရတဲ့ နည်းပညာတက္ကသိုလ်ကျောင်းသား ကိုဇော်လင်းအောင်က RFA ကိုပြောပါတယ်။
"လက်ပံတန်းမတိုင်ခင်မှာ ကျနော်တို့က ဒီသပိတ်ကို အကြမ်းဖက် အင်အားသုံးမဖြိုခွင်းဖို့ ထောက်ခံပွဲလုပ်ကြ တယ်၊ အဲဒီပွဲမှာ မြင်းခြံနည်းပညာကောလိပ်က ကျောင်းသား ကျောင်းသူ ၁ဝ ယောက်ကို ပုဒ်မ ၁၈ ဆိုပြီး အမှုဖွင့်လိုက်တယ်၊ အမှုဖွင့်ပြီး ကျနော်တို့ကို တရားရုံးမှာ လာတွေ့ပါဆိုပြီးတော့ စာဆင့်တယ်၊ စာမေးပွဲ ရက်ဖြစ်နေတယ်၊ အဲ့တော့သွားလို့မရဘူး၊ ဗကသကျောင်းသားတွေ သဘောအရလည်း ဒီဥစ္စာကို သွားပြီးတော့ တွေ့မှာမဟုတ်ဘူးဆိုပြီး ဆုံးဖြတ်ချက်ချတယ်၊ အဲဒါကြောင့် ကျနော်တု့ိ သွားပြီးတော့မရင်ဆိုင်ဘူး၊ အဲဒီအချိန်မှာ ကျနော်တို့ကို ဘာမှမပြောဘဲနဲ့ ဒီအတိုင်းထားတယ်၊ ခုချိန်မှာ ၁ဝ ယောက်ထဲက မနှင်းအိစံကို ရုံးကိုလာရောက်ရန် ပျက်ကွက်တဲ့အတွက်ဆိုပြီး ဝရမ်းထုတ်တယ်"
မနှင်းအိစံဟာ နွားထိုးကြီးမြို့က ဖြစ်တဲ့အတွက် သူ့အိမ်ကို အာဏာပိုင်တွေက ဝရမ်းစာပေးပို့တာလို့ဆိုပါတယ်။ ကျန်တဲ့ကျောင်းသား ၉ ယောက်ဆီတော့ အခုလိုဝရမ်းစာ ရောက်လာတာမရှိသေးဘူးလို့ သိရပါတယ်။ မနှင်းအိစံကတော့ ခုချိန်မှာ ရှောင်တိမ်းနေရပါတယ်။
ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျောင်းသားတွေ၊ ဝန်းရံပြည်သူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရွေးကောက်ပွဲ မတိုင်ခင် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး၊ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်က သမ္မတဦးသိန်းစိန်ကို မနေ့က စာရေးသားပေးပို့ တောင်းဆိုထားပါတယ်။
အခုလိုတောင်းဆိုထားချိန်မှာပဲ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို ကို ဖမ်းဆီးလိုက်ပြီး၊ ကျောင်းသား ၃၀ လောက်ကလဲ ဝရမ်းထုတ်ခံထားရလို့ တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ကိုအောင်နေပိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။