ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို ကို အင်းစိန်ထောင်ပို့
2015.10.30

မနေ့က ဖမ်းဆီးခံလိုက်ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ ဥက္ကဌ ကိုကျော်ကိုကို ကို ကမာရွတ်မြို့နယ် တရားရုံးမှာ နိုင်ငံတော် အကြည်ညို ပျက်စေမှု အပါအဝင် ပုဒ်မ ၅ ခုနဲ့ ဒီကနေ့ တရားစွဲဆိုလိုက်ပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။
ကိုကျော်ကိုကို ရုံးထုတ်လာတာကို မိဘတွေထံ အကြောင်းကြားတာမရှိတဲ့အတွက် မတွေ့လိုက်ရဘူးလို့ သူ့ရဲ့ဖခင် ဦးကျော်အေးက ပြောပါတယ်။
"ခုနကတုန်းက ကမာရွတ်မှာ ရုံးထုတ်သွားတယ်၊ ၅ ရက်နေ့ ရုံးချိန်းလို့ ပြောတယ်ခင်ဗျ၊ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ နဲ့ ၅ဝ၅(ခ) ပြောတယ်၊ ချက်ချင်းရောက်ပြီး ခေါ်ပြီး ချက်ချင်းပြန်ထွက်သွားတယ်၊ လမ်းတဝက်မှာ ကျနော်တို့ ပြန် လှည့်လာတယ်ခင်ဗျ တနင်္လာနေ့ကျမှ အင်းစိန်ကို သွားတွေ့မယ်ခင်ဗျ"
ကိုကျော်ကိုကို ကို သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအနီးမှာ မနေ့က အထူးသတင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ငမိုးရိပ် ၇ လမ်းက ကိုကျော်ကိုကိုရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေပြီး ကွန်ပျူတာ၊ မှတ်ပုံတင်၊ ဘဏ်စာအုပ် ၃ အုပ် နဲ့ ကျောင်းသားသမဂ္ဂအကြောင်း ရေးထားတဲ့ စာရွက်စာတမ်းတွေကို လာရောက်သိမ်းဆည်းသွားတယ်လို့လည်း သိရပါတယ်။
ကိုကျော်ကိုကိုဟာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့အတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက လှည်းတန်းအနီးတဝိုက်မှာ ဆန္ဒပြတောင်းဆိုခဲ့ပြီးနောက် မတ်လ ၁ဝ ရက်နေ့မှာလည်း လက်ပံတန်းကျောင်းသား သပိတ်စစ်ကြောင်းကို အကြမ်းဖက်မဖြိုခွဲဖို့ တောင်းဆိုဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ တရားမဝင် စီတန်းလှည့်လည်မှုနဲ့ ၃မှု၊ ဥပဒေမဲ့အစုအဖွဲ့မှာ ပါဝင်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု စတဲ့ ပုဒ်မ ၅ခုနဲ့ ကိုကျော်ကိုကို ကို စွဲဆိုထားတာဖြစ်ပါတယ်။
သူနဲ့အတူ ကိုရဲရင့်ကျော်၊ ကိုမြတ်သူအောင်၊ ကိုလင်းထက်နိုင်တို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။