ကုလကိုယ်စားလှယ် ဦးကျော်မိုးထွန်း မိဘအိမ် ဝရမ်းကပ်ခံရ

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် အင်းဝလမ်းအတွင်းမှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းရဲ့ မိဘတွေ နေထိုင်တဲ့အိမ်ကို စစ်ကောင်စီက နိုဝင်ဘာလ ၁၀ ရက် မနေ့က ဝရမ်းကပ်သွားတယ်လို့ ရပ်ကွက်နေ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
မနေ့က လုံခြုံရေး အများအပြားနဲ့ နေအိမ်ကို ဝရမ်းစာ လာကပ်ခဲ့တာဖြစ်သလို အိမ်ထဲကို ဝင်ရောက်ရှာဖွေတာ တွေ လုပ်ခဲ့တယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
"ကျနော်သိသလောက်ဆိုရင် အဲဒီအိမ်က အစထဲက လူဝင်လူထွက် နည်းပါတယ်။ လူလည်း အများကြီး မနေပါဘူး။ လာပြီး ချိတ်ပိတ်တုန်းကတော့ အိမ်ထဲမှာ လူမရှိဘူး၊ စစ်သားတွေ၊ ရဲတွေ အင်အားတော့ များပါတယ်"
အဲဒီဝရမ်းစာဟာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမှုဖွင့်ထားတဲ့ မတရားအသင်းအက်ဥပဒေ ပုဒ်မ - ၁၇ (၁) အတွက် လာရောက်ဖြေရှင်းဖို့နဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကို ဝရမ်းကပ်ပြီး သိမ်းဆည်းဖို့ ဇမ္ဗူသီရိမြို့နယ် တရားရုံးရဲ့ တရားသူကြီး မောင်မောင်လွင်က အောက်တိုဘာလ ၂၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ဆင့်ထားတဲ့ စာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာခဲ့တဲ့အတိုင်း ဆောင်ရွက်တာလို့ ပြောပါတယ်။
"အကြမ်းဖက်သမားနဲ့ ဆက်စပ်နေသူရဲ့ ပိုင်ဆိုင်မှု မှန်သမျှကို ချိတ်ပိတ် သိမ်းဆည်းနိုင်သည်ဆိုတာ ပြည်ထဲရေးမှာ ကြေငြာချက် ထွက်ပြီးသားပဲ၊ ဒါကြောင့်ပိတ်တာ"
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထူးအစည်းအဝေးမှာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနဲ့ အာဏာ သိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ တစ်သားထဲ ရှိကြောင်းတို့ကို ထုတ်ဖော်ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံတစ်ဝန်းမှာ NUG, CRPH, PDF တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ချိတ်ပိတ်ခံရတဲ့ အိမ်ပေါင်း ၇၀ နီးပါး ရှိနေပါတယ်။