ကျောက်တော်မှာ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရ

2022.10.20
ကျောက်တော်မှာ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရ ကျောက်တော်မြို့နယ်မှာ လက်နက်ကြီးကြောင့် ဒဏ်ရာရသွားသည့် ဒေသခံကို ကျောက်တော်ဆေးရုံသို့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က သယ်ဆောင်လာစဉ်။
ဓာတ်ပုံ - ဖြူစင်မေတ္တာပရဟိတအသင်း ကျောက်တော်မြို့နယ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝက်မှိုင်းကျေးရွာထဲကို အောက်တိုဘာလ ၁၉ ရက် မနေ့က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျေးရွာသားနှစ်ဦး ဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေဟာ ဦးကျော်မောင်နဲ့ ကိုမောင်ကျော်သန်းတို့ဖြစ်ပြီး လက်၊ ပေါင်နဲ့ ဝမ်းဗိုက်တွေမှာ လက်နက်ကြီးကျည်စ ထိမှန်ခဲ့တာလို့ပြောပါတယ်။

ကျောက်တော်မြို့ အရှေ့ဖက်ကမ်း ကစ္ဆပနဒီတံတားထိပ်မှာ မိုင်းတစ်လုံး ပေါက်ကွဲ ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကျေးရွာထဲကို ပစ်ခတ်ရာမှာ ထိခိုက်ဒဏ်ရာရခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒသေခံတစ်ဦးက RFA ကိုပြောပါတယ်။

“ဖြစ်စဉ်က တံတားထိပ်မှာ သူတို့စစ်သားတွေ သွားလာနေတုန်းမှာ မိုင်းတစ်လုံး ပေါက်တယ်။ ပြီးတော့ အဲဒီ တံတားထိပ်မှာ ချထားတဲ့ ဂိတ်ကရော၊ အနားမှာရှိတဲ့ ခမရ ၃၇၅ တပ်ရင်းကရော လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ ရွာထဲကိုပစ်တယ်။ တစ်နာရီလောက်ကြာအောင်အထိ ပစ်ခဲ့တယ်။ အဲဒီမှာ ဆန်စက်ရုံမှာ အလုပ်လုပ်နေတဲ့ နှစ်ယောက် ဒဏ်ရာရသွားတာပါ”

လက်ရှိမှာတော့ ဒဏ်ရာရသွားတဲ့ လူနှစ်ယောက်ကို ကျောက်တော်ဆေးရုံမှာ ဆေးကုသ ပေးထားရတယ်လို့ လည်းဆိုပါတယ်။

ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့အောက်တိုဘာ ၁၇ ရက်နေ့ကလည်း အဲဒီ ကစ္ဆပနဒီ တံတားအနီး စခန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်ခတ်တာကြောင့် ပိုက်သည် ကန်ပေါက်ရွာက အသက် ၃၀ အရွယ် မယာစ်မိနာ ပေါင်ရင်းမှာ လက်နက်ကျည်ထိမှန်လို့ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီဖြစ်စဉ်နှစ်ခုမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး၊ လက်နက်ငယ်ကြောင့် ထိခိုက်သေဆုံးတာလို့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းကနေ မေးမြန်းခဲ့ဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန် တိုက်ပွဲဖြစ်တာ အခုဆိုရင် သုံးလအထိရှိလာနေပြီး ဒေသခံတွေ ထိခိုက်သေဆုံးမှုဟာလည်း နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ဒီသုံးလတာကာလအတွင်း လက်နက်ကြီး၊ မိုင်းနဲ့ ပေါက်ကွဲ စေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် သေဆုံးတဲ့အရပ်သား ၁၇ ဦးနဲ့ ဒဏ်ရာရသူ ၅၉ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။