ကျင်ဒွေးမြို့ကို AA အကူအညီနဲ့ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေကြောင်း ချင်းတော်လှန်ရေးအဖွဲ့တွေပြော
2024.04.24

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ရက္ခိုင့်တပ်တော်(AA)ရဲ့ အကူအညီနဲ့အတူ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ဧပြီ ၂၃ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့ကတည်းက ကျင်ဒွေးမြို့ကို CDF ပူးပေါင်းတပ်နဲ့ PDF တပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် စခန်းသိမ်းခါနီးမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကူအင်းအားထပ်မံဖြည့်တင်းမှုတွေကြောင့် လက်လွှတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ကစလို့ “ချင်းညီနောင်စစ်ဆင်ရေး” အဖြစ် တစ်ကျော့ပြန် မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ပြီးနောက် ဧပြီလ ၂၀ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်တာကြောင့် ကျင်ဒွေးမြို့ပေါ်က အရပ်သား နေအိမ်တွေ၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံ အမြောက်အမြား ပျက်စီးသွားတယ်လို့လည်းဆိုပါတယ်။
လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ကန်ပက်လက်ဒေသတစ်ဦးကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျင်ဒွေးမြို့ပေါ်က နေအိမ်အအောက်အအုံ ၇၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်လို့ RFA ကို ပြောပါတယ်။
"ကြားရသလောက်ဆို အိမ်ကတစ်လုံးမှ အကောင်းမကျန်ခဲ့ဘူး။ စစ်ကောင်စီက ထပ်ခါထပ်ခါကို ဗုံးကြဲတော့ ဒီတစ်ကြိမ်မထိလည်း နောက်တစ်ကြိမ် ဗုံးထိတာပေါ့နော်။ တော်တော်လေးကို ပျက်စီးသွားတယ်"
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မြို့သိမ်းတိုက်ပွဲမှာ အကူအညီပေးနေတဲ့ ရက္ခိုင့်တပ်တော် (AA) ကို ကျေးဇူးတင်ကြောင်းနဲ့ ကျင်းဒွေးမြို့ကို သိမ်းပိုက်ရရှိတဲ့အထိ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြောထားပါတယ်။