ကျိုးကျနေတဲ့ ကျင်သီတံတားကိုပဲ စားနပ်ရိက္ခာအတွက် ဒေသခံတွေသုံးနေရ

RFA Burmese
2023.11.18
ကျိုးကျနေတဲ့ ကျင်သီတံတားကိုပဲ စားနပ်ရိက္ခာအတွက် ဒေသခံတွေသုံးနေရ ကျင်သီတံတား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က ကျိုးကျမှုကြောင့် ကုန်စည်တင်ကားများနှင့် အိမ်စီးကားများအား ကရိန်းနှင့် သယ်ယူနေရသလို ကုန်စည်များ တစ်နိုင်သယ်ယူနေကြသူများအား တွေ့ရစဉ်။
Citizen Journalist

ရှမ်းပြည်နယ်၊ သီပေါနဲ့ ကျောက်မဲကြားက ကျင်သီတံတား နိုဝင်ဘာ ၁၂ ရက်က ကျိုးကျသွားတာကြောင့် ကျောက်မဲပြည်သူတွေ စားနပ်ရိက္ခာနဲ့ စက်သုံးဆီပြတ်လပ်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေဟာ စားနပ်ရိက္ခာတွေသယ်ဖို့ နောင်ပိန်တောလမ်းဘက်က သွားလာကြပေမယ့် နိုဝင်ဘာ ၁၇ ရက်မှာ မိုးသည်းထန်စွာ ရွာခဲ့တာကြောင့် မြေသားလမ်းဖြစ်တဲ့ အဲဒီလမ်းပိုင်းလမ်းလည်း သွားလို့မရတော့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ကျိုးကျနေတဲ့ ကျင်သီတံတားကနေပဲ နိုဝင်ဘာ ၁၈ ရက်မနက်ပိုင်းမှာတော့ ကုန်ပစ္စည်းမျိုးစုံကို ရသလို သယ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ္စည်းတင်တဲ့ကားတွေနဲ့ အိမ်စီးကားငယ်တွေကိုလည်း ကရိန်းအကူအညီနဲ့ ဟိုဘက်၊ ဒီဘက် ကူးနေကြ ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျောက်မဲမြို့ကနေ ထွက်စရာလမ်းတစ်နေရာမှ မရှိတော့ဘူး။ မိုင်းလုံလမ်းကကျတော့လည်း အဖွဲ့အစည်း တွေက ပိတ်ထားတယ်ဆိုတော့ သွားစရာမရှိတဲ့အချိန်ကျတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ အဲဒီကျင်သီတံတားမှာ ဟိုဘက် ဒီဘက် ကုန်ကဲ့တာတွေရှိမယ်။ ကားကြီးတွေဆိုရင် ကုန်ကဲ့တာတွေရှိမယ်။ အိမ်စီးကားတွေကို ကရိန်းနဲ့ ဟိုဘက်ကနေ ဒီဘက်ကို ချပြီးတော့ သွားတာပေါ့”

ကရိန်းနဲ့ ကားတွေကို ဟိုဘက်၊ ဒီဘက်သယ်ရာမှာ တစ်စီးကို ကျပ်တစ်သိန်းထက်မနည်း ပေးနေရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

သီပေါမြို့က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ဘော်ကြိုတပ်စခန်းနဲ့ ကျင်သီတပ်စခန်းနှစ်ခုကို နိုဝင်ဘာလ ၁၂ ရက်မှာ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်သူလူထု နေ့စဉ်လမ်းပန်းဆက်သွယ်ရေးအတွက် အသုံးပြုနေတဲ့ ကျင်သီတံတားကို TNLA က ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းတွေက တစ်ဆင့် စွပ်စွဲပြောဆိုပါတယ်။

ဒီပြောဆိုမှုအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

TNLA ကတော့ အဲဒီနေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်၊ လက်နက်ကြီးနဲ့ အကြိမ်တစ်ရာကျော်အပြင် ရော့ကက်ဒုံးကျည်နဲ့ပါ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။