ကျောက်ဖြူမှာ ရွှံ့မီးတောင် ပေါက်ကွဲမှုကြောင့် လယ်ဧက ၂၀၀ လောက် ပျက်စီး


2014.09.02
fire-mountain-305 ကျောက်ဖြူမြို့နယ်မှာ သြဂုတ်လ ၃၁ ရက်နေ့က ရွှံ့မီးတောင် ပေါက်ကွဲခဲ့တာကြောင့် လယ်ယာမြေတွေ ပျက်စီးနေတာကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရှောက်ချောင်းကျေး ရွာအနီးမှာရှိတဲ့ ရွှံ့မီးတောင် ပေါက်ကွဲခဲ့ တာကြောင့် လယ်ယာမြေ ဧကပေါင်း ၂၀၀ လောက် ပျက်စီးသွား ခဲ့ပါတယ်။

ပျက်စီးသွားတဲ့လယ်ယာမြေတွေအရေးကို ကူညီဖြေ ရှင်းပေးဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းထံ စာရေးသားပေးပို့ထားတယ် လို့ ရှောက်ချောင်းရွာသား ဦးမောင်ကျော်ဝင်း က ပြောပါတယ်။

ရွှံ့မီးတောင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ ညနေက ရုတ်တရက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ၂ နာရီ လောက် အကြာမှာ ပေါက်ကွဲမှုရပ်တန့်ခဲ့တယ်လို့ သိရပါတယ်။

ရွှံ့မီးတောင်ပေါက်ကွဲပြီးချိန်နောက် ပိုင်း ရှောက်ချောင်းကျေးရွာက လယ်ယာမြေဧကပေါင်း ၁၀၀ လောက် မှာ ချော်ရည်တွေ ဖုံးလွှမ်းသွားခဲ့ပြီး အဲဒီချော်ရည်တွေဟာ မြေနိမ့်ပိုင်းမှာရှိတဲ့ မော်စီ၊ ကြတ္တိန်ကျေး ရွာတွေအထိ စီးဆင်းရာကနေ နောက်ထပ် ဧက ၁၀၀ လောက် ချော်ရည်တွေ ဖုံးလွှမ်းခဲ့တဲ့အတွက်  လက်ရှိဧက ၂၀၀ လောက်ပျက်စီးသွားတာ ဖြစ်တယ်လို့သိရပါတယ်။

ချော်ရည်တွေဖုံးလွှမ်းပြီး ပျက်စီးသွားတဲ့ လယ်ယာမြေစာရင်းအချက်အလက်ကို ဒီကနေ့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့က လိုက်လံကောက်ယူနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့နယ် ရှောက်ချောင်းကျေးရွာအနီးက ရွှံ့မီးတောင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၇ နှစ် လောက်က တစ်ကြိမ်ပေါက်ကွဲခဲ့ပြီး ဒီတစ်ကြိမ်ဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့  ဒေသခံလူကြီးတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။