ကျောက်မဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်နှစ်ဆယ်နီးပါးပျက်စီး
2024.07.01

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီတပ်က ဇွန်လ ၃၀ ရက်နေ့ ညပိုင်းမှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဘုန်းကြီးကျောင်းနဲ့ ဟိုတယ်တစ်လုံး အပါအဝင် နေအိမ် နှစ်ဆယ်နီးပါး ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ဒေသခံတွေက ပြောပါတယ်။
ပေါင် ၅၀၀ ဗုံးကြဲချတာကြောင့် ကျောက်မဲမြို့လယ်ဖြစ်တဲ့ ရပ်ကွက် (၁) ပင်လုံလမ်းမပေါ်က One Love ဟိုတယ်နဲ့ ဘုန်းကြီးကျောင်းဆောင်တစ်ခုအပါအဝင် နေအိမ် နှစ်ဆယ်နီးပါး ပျက်စီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"လူထိခိုက်တာ ရှိတယ်။ ဟိုတယ်ကလည်း တစ်ခြမ်းပျက်စီးသွားတယ်။ နေအိမ်တွေကလည်း စိစိညက်ညက်ကြေအောင်ကို ပျက်စီးသွားတယ်။ မီးလောင်တာတွေလည်း ရှိတယ်"
ဒီတိုက်ခိုက်မှုကြောင့် ဒေသခံတချို့နဲ့ ဟိုတယ်က ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရထားတယ်လို့ သူကဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ကျောက်မဲမြို့မှာ ဇွန်လ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ခြောက်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပါဝင် သေဆုံးနေတဲ့ ရုပ်အလောင်းလေးဆယ်ခန့်ကို သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
ဇွန်လ ၂၅ ရက်နေ့ကစပြီး ရှမ်းပြည်နယ် မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တို့ အပြင် မန္တလေးတိုင်းက မိုးကုတ်မြို့နဲ့ မတ္တရာမြို့နယ်တွေမှာ TNLA နဲ့ PDF ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ အဖြစ် မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။