ကျွန်းလှမှာ နွားကျောင်းနေတဲ့ လူငယ်နှစ်ဦး သတ်ဖြတ်ခံရ

2022.10.14
ကျွန်းလှမှာ နွားကျောင်းနေတဲ့ လူငယ်နှစ်ဦး သတ်ဖြတ်ခံရ စစ်ကိုင်းတိုင်း ကျွန်းလှမြို့အဝင်ကို တွေ့ရစဥ်။
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ နွားကျောင်းနေတဲ့ လူငယ်နှစ်ဦးကို PDFလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံ တွေက အောက်တိုဘာ ၁၄ ရက် ဒီနေ့ ပြောပါတယ်။

ကျွန်းလှမြို့နယ် ငှက်ပျောတောရွာအနီး လယ်ကွင်းမှာ နွားကျောင်းနေတဲ့ လူငယ်နှစ်ဦးကို အင်အား ၃၀ ခန့်ပါဝင်တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က အောက်တိုဘာလ ၁၂ ရက်မှာ ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို ကျောက်အိုင်ရွာမှာ ပစ်ထားခဲ့တာ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“PDF တွေ ဗုံးထောင်နေတယ်ဆိုပြီး ဖမ်းသွားတာ။ ကားပေါ်မှာပဲ နှိပ်စက်သတ်ဖြတ်ပြီး လမ်းမှာ ပစ်ထားခဲ့လိုက်တာ။ မျက်နှာတစ်ခုလုံး ရစရာမရှိအောင် နှိပ်စက်ခံထားရတယ်။ ခေါင်းအနောက်ကနေ သေနတ်နဲ့ ပစ်ခံထားရတယ်လို့တော့ အလောင်းသွားကောက်တဲ့ သူတွေကနေ တစ်ဆင့်တော့ သိထားပါတယ်”

သတ်ဖြတ်ခံရသူနှစ်ဦးဟာ ငှက်ပျောတောရွာက အသက် ၂၀ အရွယ် ကိုကျော်ထက်နဲ့ အင်ဒိုင်းရွာက အသက် ၂၅ အရွယ် ကိုအောင်ထူး တို့နှစ်ဦးဖြစ်ပြီး PDF တပ်ဖွဲ့ဝင်တွေ မဟုတ်ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာမျိုး မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် အစည်းအဝေးအတွက် ပြင်ဆင်နေရတာကြောင့် ပြန်လည်ဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။

ဖမ်းဆီးခံရတဲ့အချိန်မှာ အခုသေဆုံးခဲ့ သူနှစ်ဦးအပြင် အသက် ခုနစ်နှစ်အရွယ် ကလေး တစ်ဦး ပါဝင်ပေမယ့် သူ့ကိုတော့ စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အောက်တိုဘာ ၁၃ ရက်နေ့ထိ ထုတ်ပြန်တဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ ၂၃၅၀ ဦးထိ ရှိလာ ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။