ကျွန်းလှနဲ့ တန့်ဆည်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦး သေ၊ ငါးဦး ဒဏ်ရာရ
2024.02.14

စစ်ကိုင်းတိုင်း ကျွန်းလှနဲ့ တန့်ဆည်မြို့နယ်မှာ ဖေဖော်ဝါရီလ ၁၄ ရက် မနေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး နောက်ထပ် ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျွန်းလှမြို့နယ် မော်တုံရွာအနီးကို တစ်ကြိမ်၊ ဝေသာ်ရွာနဲ့ ပေပင်ချောင် ရွာကြားကို တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့လို့ အမျိုးသမီး တစ်ဦး သေဆုံးပြီး၊ နောက်ထပ် အရပ်သား သုံးဦး ဒဏ်ရာရခဲ့တာပါ။
တန့်ဆည်မြို့နယ်ထဲမှာတော့ ပြည်ထောင်စုလမ်းမကြီး မုံရွာ-ကလေး လမ်းပိုင်း ၃၉ မိုင်အနီးကို လေကြောင်းကနေ ဗုံးကြဲချလို့ ကားတစ်စီးပျက်စီးပြီး အရပ်သား နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားတာ၊ စစ်ကြောင်းထိုးတာတွေ မရှိဘဲ လေကြာင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့တာလို့ ကျွန်းလှမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်းလှမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်တာ၊ စစ်ကြောင်းထိုးတာမျိုး မရှိဘဲ ငြိမ်နေတာကြာပြီ။ ဘာမှမရှိဘဲ လေကြောင်းကနေသက်သက် ဗုံးလာကြဲတာပေါ့နော်။ အရင်ဆုံး ကျွန်းလှမြို့နယ်ထဲမှာရှိတဲ့ မော်တုံရွာရဲ့ အနောက်ဘက်ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တယ်။ ဂျက်ဖိုက်တာက ပစ်လိုက်တာက အဲဒီနားလေးက စျေးဆိုင်တစ်ဆိုင်ကို မှန်သွားပြီး မီးလောင်သွားတယ်။ အဲဒီလိုမျိုး အမျိုးသမီးတစ်ဦးက မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်”
သေဆုံး၊ ထိခိုက်သူတွေနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ သုံးနှစ်အတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၂၅၄ ဦး သေဆုံးပြီး ၂၃၂၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။