ရုပ်ရှင်ကားအတွက် ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော
2011.11.08

Toronto International Film Festival
ဒေါ်အောင်ဆန်းစုကြည်ကို စာတစ်စောင် ရေးသားပေးပို့ခဲ့တဲ့ ဒါရိုက်တာ Luc Besson က ဒီကနေ့ ပြင်သစ်တက္ကသိုလ် ကျောင်းသားတစ်စုနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြန်ကြားချက်ကို အခုလို ပြောပြခဲ့တာပါ။ ဒါ့အပြင် ဒီရုပ်ရှင်ဇာတ်ကား မိတ္တူကို သူ့ဆီ ပို့နိုင်မပို့နိုင် ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့တယ်လို့လည်း ဆိုပါတယ်။
The Lady ရုပ်ရှင် ရိုက်ကူးခဲ့ပုံနဲ့ ပတ်သက်ပြီး ဒါရိုက်တာ Luc Besson က ပြန်ပြောပြရာမှာ ဒီရုပ်ရှင်အတွက် နောက်ခံ ဇာတ်ဝင်ခန်းတချို့ကို မြန်မာနိုင်ငံတွင်းမှာ ခရီးဆောင် ကင်မရာအသေးစား တစ်ခုနဲ့ ရိုက်ကူးခဲ့ရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံတွင်းမှာ စုစုပေါင်း ၁၇ နာရီကြာ လျှို့ဝှက် ရိုက်ကူးခဲ့ပြီး တစ်ကြိမ်မှာဆိုရင် မြန်မာစစ်သား တစ်ယောက်နဲ့ ၁ဝ ပေလောက် အကွာကနေ ရိုက်ကူးခဲ့တယ် လို့လည်း ပြောပါတယ်။
ဒီရုပ်ရှင်ထဲမှာ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ပုံအကြောင်း၊ ခင်ပွန်းသည် မိုက်ကယ်အဲရစ် ကွယ်လွန်ပုံ အကြောင်း ရိုက်ကူးထားတဲ့ အခန်းတွေကို သူ့အနေနဲ့ အတော် အားတင်း ကြိုးစား ကြည့်ရှုရမှာ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့လည်း ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်အနက် တစ်ယောက်ကတော့ ဒီရုပ်ရှင်ကို ကြည့်ပြီး အလွန် စိတ်လှုပ်ရှားခဲ့ရတယ်လို့ ဆိုပါတယ်။