လဟယ်မှာ တံတား ၈ စင်းပျက်စီး
2017.06.02

စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ညက မိုးကြီးခဲ့တာကြောင့် ကျေးရွာတွေနဲ့ ဆက်သွယ်ထားတဲ့ တံတားကြီး ၈ စင်း ပျက်စီးသွားခဲ့တဲ့အတွက် လက်ရှိမှာ လမ်းပန်းဆက်သွယ်ရေး အခက် အခဲ ဖြစ်နေပါတယ်။
မိုးကြီးပြီး တောင်ကျချောင်းရေတွေကြောင့် တံတားတွေ ရေထဲမျောပါသွားတာလို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ် က ပြောပါတယ်။
"တံတားအနည်းဆုံး ၈ စင်း ပျက်စီးသွားပြီပေါ့နော်၊ တောင်ပေါ်ချောင်းဆိုတော့ ရေစီးအရမ်းကြမ်း တာကိုး၊ မြေတွေရော အကုန်လုံးလိုက်ပြိုပြီးတော့ တံတားပါ ရေစီးကြောင်းထဲပါသွားပြီ မရှိတော့ဘူး၊ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်ပြီးတော့ ပညာရေး၊ ကျန်းမာရေးအတွက် အလွန် အင်မတန်မှကို စိုးရိမ်စရာကောင်းတယ်လို့ ပြောချင်တာပါ။"
လက်ရှိကျောင်းဖွင့်ချိန်ဖြစ်နေတာကြောင့် မြို့ပေါ်တက်ပြီး ကျောင်းသုံးပစ္စည်းတွေ ဝယ်ယူတဲ့သူတွေ၊ ကျောင်းလာ အပ်ကြတဲ့သူတွေနဲ့ မူလတန်းသင်ဖို့အတွက် မြို့ပေါ်မှာ သင်တန်းလာတက်နေတဲ့ ဆရာ/ဆရာမတွေ ပြန်ဖို့အတွက် အခက်အခဲတွေဖြစ်နေသလို ကျေးရွာတွေက ကျောင်းတွေထံ ကျောင်းသုံးပစ္စည်းတွေ သယ်ယူဖို့လည်း အခက် အခဲတွေ ဖြစ်နေတာကြောင့် ကျောင်းဖွင့်ချိန် နောက်ကျနိုင်တယ်လို့လည်း ပြောပါ တယ်။
လဟယ်မြို့နဲ့ ကျေးရွာတော်တော်များများကို ဆက်သွယ်ထားတဲ့ တံတားကြီးတွေ ပျက်စီးသွားတာဖြစ်ပြီး တောင် ကျချောင်းတွေ ဖြစ်တာကြောင့် ရေစီးသန်တဲ့အတွက် လှေတွေနဲ့လည်း သွားလာလို့ မရဘူးလို့ ဦးမောင်ကယ် က ပြောပါတယ်။
ပျက်စီးသွားတဲ့ တံတားတွေဟာ ပေ ၅၀ နဲ့ ပေ ၈၀ ရှည်ကြတဲ့ သစ်သားတံတား ၂ စင်း၊ ပေ ၅၀ နဲ့ ပေ ၆၀ ရှည်တဲ့ ကွန်ကရစ်တံတား ၅ စင်း နဲ့ ပေ ၁၀၀ ရှည်တဲ့ တံတား ၁ စင်း ပါဝင်တယ်လို့ သိရပါတယ်။