လိုင်လင်းပီမြို့ကိုသိမ်းပိုက်ခဲ့ကြောင်း CNF ပြော
2023.11.24

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် လိုင်လင်းပီမြို့မှာအခြေစိုက်ထားတဲ့ စစ်ကောင်စီ တပ်စခန်းကို ချင်းအမျိုးသားတပ်ဦး CNF နဲ့ ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၄ ရက် ဒီနေ့မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ CNF ပြောခွင့်ရ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။
အဲဒီတပ်စခန်းကို နိုဝင်ဘာလ ၂၀ ရက်နေ့ကစလို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေးရက်အကြာ မှာ အပြီးသတ်သိမ်းနိုင်ခဲ့တာဖြစ်တယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။
"ကျွန်တော်တို့ CNA နဲ့ CDF ပူးပေါင်းတပ်ဖွဲ့က ဒီနေ့မနက်ပိုင်းမှာ သိမ်းနိုင်တာ။ လိုင်လင်းပီမှာက တပ်စခန်းတစ်ခုပဲ ရှိတယ်။ လက်ရှိ တစ်မြို့လုံးကို ကျွန်တော်တို့ထိန်းချုပ်ထားနိုင်ပြီ"
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး ကျန်တဲ့စစ်ကောင်စီတပ်သား တွေက စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရ လူမှုရေး၀န်ကြီး ဦးကျော်စိုး၀င်းကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
စစ်ကောင်စီတပ်က လိုင်လင်းပီဒေသကို နိုဝင်ဘာလ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တွေက နှစ်ရက်ဆက်တိုက် လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ လေးဦးသေဆုံးပြီး ခရစ်ယာန်ဘုရားကျောင်း အပါအ၀င် နေအိမ် ဆယ်လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
နို၀င်ဘာ ၁၃ ရက်နေ့မှာလည်း ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ကို ချင်းအမျိုးသားတပ်ဦး CNF နဲ့ ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာ ပြည်သူ့အုပ်ချုပ်ရေး စတင်လည်ပတ်လုပ်ဆောင်နေတယ်လို့လည်းပြောပါတယ်။
နို၀င်ဘာ ၁၅ ရက်နေ့ကတော့ ဖလမ်းမြို့က သီးဘွာလ်ရွာက စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေး CNDF က သိမ်းပိုက်ခဲ့ပြီး နို၀င်ဘာ ၂၁ ရက်နေ့မှာလည်း တီးတိန်မြို့နယ်က ကနေဒီတောင်ထိပ်ရှိ စစ်ကောင်စီတပ်စခန်းကို PDF Zoland အဖွဲ့ က သိမ်းပိုက်နိုင်ခဲ့တယ်လို့ အဲဒီအဖွဲ့တွေကပြောဆိုထားကြပါတယ်။