ကချင်ပြည်နယ် သြင်္ကန် စည်ကား


2016.04.13

နှစ်သစ်ကူး မြန်မာသြင်္ကန်ကာလမှာ မြန်မာနိုင်ငံတဝှမ်းမှာ သြင်္ကန်ပွဲတွေ ကျင်းပကြသလို တရုတ်မြန်မာနယ်စပ် ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့အနီးရှိ absdf မြောက်ပိုင်းဒေသမှာလည်း ဒေသခံတွေ အများအပြား စုပေါင်းပြီးတော့ သြင်္ကန်ပွဲကျင်းပနေကြတယ်လို့သိရပါတယ်။

မနေ့က သြင်္ကန်အကျနေ့ကတည်းက လိုင်ဇာမြို့က တာဝန်ရှိသူတွေပါ လာပြီးတော့ သြင်္ကန်ဖွင့်ပွဲကျင်းပပြီး စတုဒီသာ အကျွေးအမွေးတွေနဲ့ စည်စည်ကားကား ကျင်းပကြတာဖြစ်ပါတယ်။ ဒီနှစ်သြင်္ကန်ပွဲကျင်းပပုံနဲ့ ပတ်သက်လို့ ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ လိုင်ဇာဒေသခံ ကိုစောထွေး က  RFA ကို ပြောပြပါတယ်။

"ကျနော်တို့ ရပ်မိရပ်ဖနဲ့ ကျောင်းသားတပ်မတော်တို့ စုပေါင်းပီးတော့ လုပ်ကြတာပါ ။ နောက်ရက်တွေ လည်း ရေကစားမဲ့သူက ဒီမှာ မော်တာလေးလေးတွေနဲ့ပက်ကြတာပါ။ စတုဒီသာက နေ့တိုင်းလိုလို ရှိတယ် ရပ်မိရပ်ဖ အဖြူရောင် နာရေးအသင်းက ဦးဆောင်ပြီးတော့ စတုဒီသာ ကျွေးဖို့ အစီအစဉ်အကုန်လုပ်ထားပြီးပြီ သြင်္ကန်ပြီးတဲ့အထိပေါ့ ရက်ထပ်တယ်ဆိုတော့ ၅ ရက်ပေါ့။ နှစ်ဆန်းတစ်ရက်နေ့ကျရင် သက်ကြီးပူဇော်ပွဲနဲ့ ရပ်မိရပ်ဖတွေ အတာအိုးတွေနဲ့ နှစ်သစ်ကူးနေ့မှာ ပရိတ်တရား နာကြမှာ"

ကေအိုင်အိုထိန်းချုပ်ရှိရာ လိုင်ဇာမြို့အနီးမှာ စည်စည်ကားကားနဲ့ သြင်္ကန်ပွဲကျင်းတာ ၂၀၁၃ ခုနှစ်ကတည်းကဖြစ်ပါတယ်။ အရင်နှစ်တွေက သြင်္ကန်ပွဲကို မိုးလဲချောင်းတံတားထိပ်မှာ ကျင်းပတာဖြစ်ပြီး ဒီနှစ်တော့ absdf မြောက်ပိုင်း ဗဟိုဌာနချုပ်မှာ ကျင်းပတာဖြစ်ပါတယ်။ လိုင်ဇာမြို့က ကချင်၊ ရှမ်း၊ ဗမာ ၊ ရခိုင်စတဲ့ လူမျိုးပေါင်းစုံလာရောက် ရေကစားကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။