လက္ကာရွာသား ၂၃ ဦး အမိန့်ရုံးချိန်း ဒီဇင်ဘာ ၁၇ ရက်နေ့ကို ထပ်မံရွှေ့ဆိုင်း

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အချိန် နှစ်နှစ်ကျော်ကြာ ဖမ်းဆီးတရားစွဲဆို ခံထားရတဲ့ မြောက်ဦးမြို့နယ် လက္ကာကျေးရွာသား ၂၃ ဦးအတွက် အပြီးသတ် အမိန့်ချမယ့်နေ့ကို စစ်တွေ ခရိုင်တရားရုံးက လာမယ့် ဒီဇင်ဘာလ ၁၇ နေ့ကို ထပ်မံရွှေ့ဆိုင်း လိုက်တယ်လို့ အကျိုးဆောင်ရှေ့နေက RFA ကိုပြောပါတယ်။
ဒီအမှုကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ကပင် အပြီးသတ် အမိန့်ချရမှာဖြစ်ပေမယ့် နိုဝင်ဘာလ ၁၉ ရက်နေ့ကို ကနဦး ရွှေ့ဆိုင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေ့မှာလည်း အမိန့်မချဘဲ ဒီနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ကို ရွှေ့ဆိုင်းခဲ့ ရာကနေ ဒီနေ့မှာလည်း လာမယ့် ဒီဇင်ဘာလ ၁၇ ရက်နေ့ကို ထပ်မံရွှေ့ဆိုင်းလိုက်တာလို့ အကျိုးဆောင်ရှေ့ နေ ဦးအောင်စစ်မင်းကပြောပါတယ်။
မြောက်ဦးမြို့နယ် လက္ကာကျေးရွာသား ၂၇ ဦးဟာ ပြီးခဲ့ ၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်နေ့ က ရွာအနီးမှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားအပြီး ဖမ်းဆီးခံခဲ့ရတာပါ။
အဲဒီအထဲက ကိုဇော်မျိုးထွန်း၊ ဦးသိန်းထွန်းစိန်နဲ့ ဦးမောင်သန်းနုတို့ သုံးဦးကတော့ စစ်တပ်ရဲ့ စစ်ကြောရေးမှာ သေဆုံးသွားခဲ့ပြီး အသက်မပြည့်သေးတဲ့ ကလေးနှစ်ဦးက ပြီးခဲ့တဲ့ မေလထဲမှာ အမှုရုပ်သိမ်းလို့ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။
နောက်ထပ် အမျိုးသမီးတစ်ဦးကတော့ ၂၀၂၀ ခုနှစ် သြဂုတ်လကပဲ မြောက်ဦးမြို့နယ် တိမ်ညို စစ်ဘေးဒုက္ခသည် စခန်းကနေ ဖမ်းဆီးခံခဲ့ရတာပါ။
မိသားစုဝင်တွေကတော့ သူတို့ရဲ့မိသားစုဝင်တွေ ဖမ်းဆီးခံထားရတာ အချိန်လည်း ကြာနေပြီဖြစ်သလို မိသားစုတွေလည်း စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆို နေကြပါတယ်။
လက္ကာကျေးရွာမှာ အိမ်ဆောက်နေစဉ် ဖမ်းဆီးခံခဲ့ရတဲ့ မောင်ရွှီကန်ကျေးရွာက ကိုနိုင်ဝင်းရဲ့ဖခင် ဦးကျန်မောင် ကတော့ သူ့ရဲ့သားအပြစ်မရှိဘဲ ဖမ်းဆီးခံခဲ့ရတာ ဖြစ်သလို အချိန်တွေလည်း ကြန့်ကြာနေပြီဖြစ်တဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ ပြောပါတယ်။
အလားတူပဲ လက္ကာကျေးရွာက အမျိုးသားတွေ ဖမ်းဆီးခံခဲ့ရတဲ့ ဒေါ်သိန်းမယဉ်၊ မချိုချိုသန်း အပါအဝင် အခြား ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေဟာလည်း စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အမှုကို အမြန်ဆုံးရုပ်သိမ်းပြီး ပြန်လွှတ်ပေး စေချင်တယ်လို့လည်း မိသားစုဝင်တွေကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခကာလအတွင်း အေအေနဲ့ ဆက်စပ် တယ်ဆိုပြီး အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရသူ ၁၀၀ ကျော် ရှိနေတယ်လို့ အရပ်ဘက် အဖွဲ့တွေက ပြောဆိုထားကြပါတယ်။