လေကြောင်းတိုက်ခိုက်မှုကြောင့် လိုင်လင်းပီဒေသခံ လေးဦးသေဆုံး၊ တစ်မြို့လုံးထွက်ပြေးရ
2023.11.22

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ် လိုင်လင်းပီမြို့ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ ရက်နေ့မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ လေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သလို လိုင်လင်းပီ တစ်မြို့လုံးနီးပါး ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မတူပီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ဖုန်းလိုင်းတွေဖြတ်တောက်ထားတာကြောင့် သေဆုံးသူတွေရဲ့ နာမည်နဲ့အသက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
လိုင်လင်းမြို့မှာ နိုဝင်ဘာ ၁၉ ရက်နေ့ကစဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ တိုက်ပွဲတွေကြောင့် မြို့ပေါ်မှာနေထိုင်တဲ့ ဒေသခံ ၂၆၀၀ ကျော်က ဘေးလွတ်ရာတောတောင်တွေနဲ့ အနီးအနားရွာတွေဆီ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၂ဝ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့တာကြောင့် လူသေဆုံးခဲ့တဲ့အပြင် ခရစ်ယာန်ဘုရားကျောင်းနဲ့ နေအိမ်တွေပျက်စီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"လေကြောင်းနဲ့ ဗုံးကြဲတာ နှစ်ရက်ရှိပြီ။ ပထမရက်မှာတော့ ဘာမှဒေသခံတွေမထိဘူး။ နေအိမ်တွေ ပျက်စီးတာ ရှိတယ်။ ဒုတိယနေ့မှာ လူတွေရှိတဲ့ဆီကို ပစ်တာတော့ ထိသွားတာ။ မနေ့က လေးယောက်သေတယ်။ ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်။ အခုရွာမှာဘယ်သူမနေရဲတော့ဘူး လုံခြုံမယ်ထင်တဲ့ နေရာတွေ ပြေးကြရတယ်။ လေယာဉ်ကလည်း ခဏခဏ မြို့အပေါ်မှာ ပျံဝဲနေတာတွေ့ရတယ်”
ထွက်ပြေးနေရတဲ့ ဒေသခံတွေအတွက် စားသောက်ရေး၊ အဝတ်အထည်နဲ့ ဆေးဝါးတွေပါ အရေးပေါ် လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးကျော်စိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
နိုဝင်ဘာလ ၁၅ ရက်ညပိုင်းကလည်း မတူပီမြို့နယ်၊ ဝေလူးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲ ခဲ့တာကြောင့် ကလေးငယ်ရှစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးသေဆုံးခဲ့တယ်လို့ မတူပီမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းအရ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်နေ့အထိ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၆ ဦး သေဆုံးခဲ့ပါတယ်။