မြေလွတ်မြေရိုင်းဥပဒေ ဖျက်သိမ်းဖို့ ကော်သူးလေ မြေယာနှီးနှော ဖလှယ်ပွဲ တောင်းဆို
2017.11.05
လက်ရှိကျင့်သုံးနေတဲ့ မြေလွတ်၊ မြေလပ် ၊ မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေဟာ ဌာနေတိုင်းရင်းသားတွေရဲ့ မြေယာ အသုံးပြုမှုနဲ့ စီမံခန့်ခွဲမှုကို ဆန့်ကျင်နေတဲ့အတွက် ဖျက်သိမ်းဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဦးဆောင်ကျင်းပခဲ့တဲ့ ကော်သူးလေ မြေယာနှီးနှောဖလှယ်ပွဲကနေ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
အဲဒီဥပဒေအရ အစိုးရက မှတ်ပုံမတင်ထားတဲ့ မြေတွေကို အချိန်မရွေး သိမ်းယူနိုင်တာကြောင့် ဥပဒေကို ဖျက်သိမ်းဖို့ တိုက်တွန်းတာဖြစ်တယ်လို့ ကော်သူးလေ မြေယာနှီးနှောဖလှယ်ပွဲ ကျင်းပရေး ကော်မတီ ဝင် စောအဲလက်စ် က ပြောပါတယ်။
"ဥပမာအားဖြင့် ပြောရမယ်ဆိုရင် မြေလွတ်မြေရိုင်းဥပဒေက အစိုးရရဲ့ မြေသိမ်းဥပဒေတစ်ခု လို ဖြစ်နေတယ်။ ဒီဥပဒေတွေက တိုင်းရင်းသားဒေသမှာရှိတဲ့ မြေတွေက အစိုးရဆီမှာ မှတ်ပုံ တင်မထားဘူးဆိုရင် မြေလွတ်၊ မြေရိုင်းဆိုတဲ့ အဓိပ္ပါယ်သဖွယ် သွားရောက်နေတော့ သူက အစိုးရအနေနဲ့ အချိန်မရွေး ဒီဥပဒေကိုသုံးပြီးတော့မှ မြေတွေကို သိမ်းယူလို့ရတဲ့ အနေအထားကို ဖန်တီးထားတာဖြစ်တယ်"
လက်နက်ကိုင်တပ်ဖွဲ့တွေများတဲ့ တိုင်းရင်းသားနယ်မြေတွေမှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေဟာ ဒေသခံတွေအတွက် ပိုမိုရှုပ်ထွေးတဲ့ အခြေအနေတွေ ပေါ်ပေါက်စေတယ်လို့ ပြောပါတယ်။
မြေယာဆိုင်ရာ မူဝါဒ၊ ဥပဒေနဲ့ နည်းဥပဒေတွေမှာ တိုင်းရင်းသားတွေရဲ့ ရိုးရာအစဉ်အလာအရ မြေယာ စီမံခန့်ခွဲခွင့်နဲ့ ဒုက္ခသည်တွေရဲ့ မြေယာပြန်လည်ရယူပိုင်ဆိုင်ခွင့်တွေကိုပါ ထည့်သွင်းပြဌာန်း ဖို့ တောင်းဆိုထားပါတယ်။
ကော်သူးလေ မြေယာ နှီးနှောဖလှယ်ပွဲကို KNU တပ်ဖွဲ့နယ်မြေဖြစ်တဲ့ လော်ခီးလာမှာ နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျင်းပခဲ့ပြီး KNU အဖွဲ့ဝင်တွေ၊ ကရင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကရင်တိုင်းရင်းသား ဒေသခံတွေ စုစုပေါင်း ၃၇၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။