ရသေ့တောင်မှာ မိုင်းနင်းမိလို့ အရပ်သားတစ်ဦး ဒဏ်ရာအပြင်းအထန်ရ
2023.03.02

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှာ မတ်လ ၁ ရက် မနေ့ မနက်ပိုင်းက မြေမြှုပ်မိုင်းနင်းမိလို့ ဒေသခံတစ်ဦး ဒဏ်ရာပြင်းထန်ရသွားတယ်လို့ ကျေးရွာသားတွေက RFA ကို ပြောပါတယ်။
မိုင်းနင်းမိသူဟာ အသက် ၃၈ နှစ်အရွယ် ဦးအောင်စံဌေး ဖြစ်ပါတယ်။ သူဟာ ရွာရဲ့ အနောက်ဘက် ငါးမိုင်လောက်အကွာ မေယုတောင်တန်းမှာ ဝါးခုတ်နေရင်း မိုင်းနင်းမိရာကနေ ဘယ်ဘက်ခြေထောက်ပြတ်သွားသလို ညာဘက်ခြေမှာလည်း ဒဏ်ရာအပြင်းအထန်ရသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသား တစ်ဦးက ပြောပါတယ်။
“သူက စိုက်ခင်းမှာ ခြံစည်းရိုးကာဖို့ ဝါးခုတ်သွားတာပေါ့။ အဲဒီမှာ မိုင်းနင်းမိသွားတာ။ မိုင်းနင်းမိတဲ့ တောင်တန်းမှာ စစ်ကောင်စီတပ်စခန်းတစ်ခုရှိတယ်။ လူနာကို သယ်တဲ့အခါမှာလည်း သူတို့ လာကြည့်တယ်။ အဲဒီမိုင်းက သူတို့ ထောင်ထားတာ နေမှာပေါ့။ ဒေသခံတွေက အဲဒီနေရာမှာမိုင်းရှိတာ ဘယ်သိမလဲ။ ခြေထောက် တစ်ဖက်က လုံးဝပြတ်သွားတယ်။ နောက်တစ်ဖက်လည်း ဒဏ်ရာပြင်းတယ်”
လက်ရှိမှာတော့ စစ်တွေဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်ထားပြီး ညာဘက် ခြေထောက်ဟာလည်း ဒဏ်ရာပြင်းထန်သွားတာကြောင့် ဖြတ်ရတော့မယ့် အခြေအနေဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
ဦးအောင်စံဌေးမှာ အရွယ်မရောက်သေးတဲ့ သားသမီးသုံးဦးရှိပြီး ငွေရေးကြေးရေးလည်း မပြေလည်တဲ့အတွက် ဆေးကုသစရိတ် အကူအညီပေးဖို့ လိုအပ်နေတယ်လို့လည်း ကျေးရွာသားတွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိသလို စစ်ကောင်စီကလည်း တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီ တပ်တို့ တိုက်ပွဲရပ်စဲနေပေမယ့် မြေမြှုပ်မိုင်းကြောင့် ဒေသခံတွေ သေဆုံးတာ၊ ဒဏ်ရာရတွေကတော့ တိုးလာနေဆဲဖြစ်ပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ဇန်နဝါရီလ ၁၉ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အထိ တစ်လကျော်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးတဲ့သူ ငါးယောက်နဲ့ ဒဏ်ရာရတဲ့သူ ၁၂ ယောက်ထိ ရှိနေပါတယ်။