စစ်တွေမြို့ ဂန့်ဂေါ်ကျွန်းမှာ မြေမြှုပ်မိုင်းနင်းမိပြီး နှစ်ဦးသေ၊ လေးဦးဒဏ်ရာရ

RFA Burmese
2024.04.21
စစ်တွေမြို့ ဂန့်ဂေါ်ကျွန်းမှာ မြေမြှုပ်မိုင်းနင်းမိပြီး နှစ်ဦးသေ၊ လေးဦးဒဏ်ရာရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အထွေထွေရောဂါကုဆေးရုံကို ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းက ဂန့်ဂေါ်ကျွန်းအပေါ်မှာ ဧပြီလ ၂၁ ရက်နေ့မနက်ပိုင်းက မြေမြှုပ်မိုင်း နင်းမိတာကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က စားသောက်ကုန်စည်နဲ့ ဆေးဝါးသယ်ယူခွင့်ကို ရေလမ်းရော၊ ကုန်းလမ်းပါ ပိတ်ထားတာကြောင့် စစ်တွေမြို့ခံတွေ ဂန့်ဂေါ်ကျွန်းပေါ်ကို တိတ်တဆိတ်ရွှေ့ပြောင်းရာကနေ အခုလို နင်းမိတာလို့ ဆိုပါတယ်။

သေဆုံးထိခိုက်သူတွေကို လူမှုကူညီရေးကားတွေနဲ့ စစ်တွေမြို့က ခုတင် ၅၀၀ ဆေးရုံဆီ ခေါ်ဆောင်သွားတယ်လို့ စစ်တွေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်တွေမှာက ဖြတ်လေးဖြတ်ခံထားရတော့ ရေရှည်ရပ်တည်လို့ မရတော့ဘူး။ ဒါကြောင့် ဒီနေ့မနက် ၂ နာရီ ကတည်းက လူနှစ်ရာလောက် စစ်တွေမြို့ကနေ ဂန့်ဂေါ်ကျွန်းကို လှေနဲ့ကူးတာ။ ဟိုလည်းရောက်ရော စစ်တပ်နဲ့တွေ့လို့ ထွက်ပြေးတော့ မိုင်းသုံးလုံးဆင့်ပေါက်တာပဲ။ ကျွန်တော် မျက်စိရှေ့တင် အဘွားကြီးတစ်ယောက်တော့ ပွဲချင်းပြီးဆုံးတယ်"

ထိခိုက်သေဆုံးသူတွေရဲ့ နာမည်နဲ့ အသေးစိတ်အချက်အလက်တွေကို လတ်တလော အခြေအနေအရ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် လှေပေါ်မှာလိုက်ပါလာသူတွေထဲက ဒေသခံ တစ်ရာနီးပါးကို စစ်ကောင်စီတပ်က စစ်တွေမြို့ အမှတ် (၁) မြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေ ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီအခြေအနေအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကျောက်ဖြူ၊ မင်းပြားနဲ့ စစ်တွေမြို့တို့မှာ ဧပြီလ ၁ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မြေမြှုပ်မိုင်းကြောင့် အရပ်သား သုံးဦးသေဆုံးပြီး ဆယ်ယောက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။