စိုက်ခင်းများအနီး မိုင်းမထောင် ဖို့ ဒေသခံတောင်သူများ ဆန္ဒပြ
2016.08.14

လယ်ယာစိုက်ခင်းတွေနဲ့ ဆက်စပ်နေတဲ့ တောတောင်တွေအနီးမှာ မိုင်းတွေ မထောင်ဖို့ မိုးကောင်းမြို့နယ် ဆားမှော် ကျေးရွာမှာ ဒေသခံတောင်သူ တစ်ထောင်ကျော်က ဒီကနေ့ဆန္ဒပြ တောင်းဆိုလိုက်ပါတယ်။
တောင်သူတွေ ဝမ်းရေးအတွက် လုပ်ကိုင်နေတဲ့ လယ်ကွင်းနဲ့ အင်းအိုင်တွေအနီးမှာ မိုင်းမထောင်ဖို့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ ထံ တောင်းဆိုတာဖြစ်တယ်လို့ ငါးရှာသွားရင် မိုင်းထိလို့ ဘယ်ဘက်ခြေထောက် ဒူးဆစ်အောက်ကနေ ဖြတ်ထားရတဲ့ ဦးခင်မောင်သန်းက ပြောပါတယ်။
"၅ မိုင်လောက်ရှည်တဲ့အင်းကြီးမှာ ဆားမှော်သားတွေဟာ ငါးရှာစားနေတယ်၊ အဲ့ဒါကြောင့် KIA/KIO အနေ နဲ့ ဘာကြောင့် ဒီအရပ်သားတွေကို တမင်တကာလုပ်ကြံပြီး မိုင်းထောင်ရတယ်လို့ ကျနော် ပြောချင်ပါတယ်၊ တိုင်းရင်းသားအသီးသီးမှာ ကိုယ်ပိုင်လက်နက်ကိုင် အသီးသီးတော်လှန်နေတယ်၊ ဒါပေမဲ့ ဘယ်တိုင်းရင်းသား မှာမှ မိုင်းထိတာ ကျနော်မကြားမိပါဘူး၊ အဲ့ဒါကြောင့် KIA/KIO တွေကို ပြောချင်တာက နောင်လာနောင် သားတွေ ကျနော်တို့လိုအဖြစ်မဆိုးရအောင် မိုင်းမထောင်ပေးကြပါနဲ့ ကျနော်ရဲ့ညီလေး ဆုံးရှုံးသွားတယ်၊ ကျနော့်ရဲ့ ယောက်ဖ ဆုံးရှုံးသွားတယ်၊ ကျနော် စိတ်မကောင်းပါဘူး"
တိုက်ပွဲဖြစ်ပွားရာဒေသက ပြည်သူတွေရဲ့ ဘဝကို စာနာပြီး ငြိမ်းချမ်းရေးရအောင် အမြန်ဆုံး ကြိုးစားပေးဖို့လည်း ဒီလ ၄ ရက်နေ့က မိုင်းထိပြီး သေဆုံးခဲ့သူ တစ်ဦးရဲ့ အမဖြစ်သူ ဒေါ်စန်းထွေးက နိုင်ငံတော်သမ္မတ နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ တောင်းဆို လိုက်ပါတယ်။
မိုင်းဒဏ်ခံခဲ့ရတဲ့မိသားစုတွေကို KIA/KIO အဖွဲ့က လျော်ကြေးပေးဖို့၊ နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေအနေနဲ့ မိုင်းရှင်းလင်းရေး အမြန်ဆုံးဖော်ဆောင်ပေး ဖို့တို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ ပါတယ်။
တိုက်ပွဲဖြစ်ပွားချိန်ကစပြီး ကေအိုင်အေ စခန်းတွေအနီး နဲ့ အစိုးရတပ်မတော်စစ်ကြောင်း လှုပ်ရှားရာနယ်မြေတွေ မှာ မိုင်းထောင်ထား တာဖြစ်ကြောင်း ကေအိုင်အေတပ်ဖွဲ့က ပြောထားပါတယ်။
ဒီနှစ်အတွင်း ဆားမှော်ကျေးရွာကတောင်သူတွေ လယ်ယာလုပ်ကိုင်ချိန်နဲ့ ဖားရှာ ငါးရှာသွားချိန်မှာ မိုင်းပေါက်ကွဲမှု အကြိမ်နှစ်ဆယ်နီးပါးဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီပေါက်ကွဲမှုတွေမှာ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသားတစ်ဦးအပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးခဲ့ပြီး ၁၀ ယောက်ကျော် ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပါတယ်။
ဆန္ဒပြပွဲကို ဆားမှော်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ဟိုပင် စတဲ့မြို့ရွာတွေက ဒေသခံရှမ်း တိုင်းရင်းသားတွေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်က တိုင်းလိုင် (ရှမ်းနီ) စာပေ နဲ့ ယဉ်ကျေးမှုအဖွဲ့က လာရောက်ပူးပေါင်းခဲ့ပါတယ်။
မိုင်းထိမှန်မှုကြောင့် ထိခိုက်သေဆုံးရသူတွေအတွက် လယ်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်း ကျောင်းပြုတဲ့ ရှမ်းတိုင်းရင်းသားအများစုနဲ့ ဒေသခံတောင်သူတွေ ပူးပေါင်းဆန္ဒပြပွဲဟာ ကချင်ပြည်နယ်မှာ ပထမဆုံးအကြိမ် အဖြစ် အစိုးရဲ့ခွင့်ပြုချက်နဲ့ ပြုလုပ်တာဖြစ်ပါတယ်။