ကြံတောင်သူများ၏ မြေဧက ၂၀၀ ကျော် အာဏာပိုင်များ အဓမ္မသိမ်း

နေပြည်တော်တိုင်း လယ်ဝေးမြို့နယ် ပင်သောင်အုပ်စုက ကျေးရွာတွေမှာ ကြံစိုက်တောင်သူတွေ ပိုင်တဲ့ မြေဧက ၂၀၀ ကျော်ကို တောင်သူတွေ ပိုင်ဆိုင်မှု မပြနိုင်ဘူးဟုဆိုကာ စစ်တပ်အရာရှိနဲ့ စည်ပင် အာဏာပိုင်တွေ ပေါင်းပြီး သိမ်းယူခဲ့တယ်လို့ RFA က စုံစမ်း သိရှိရပါတယ်။

2011.06.01
farmer-plough-305 လယ်ထွန်နေတဲ့ လယ်သမားသားအဖကို တွေ့ရစဉ်
AFP

ကြံစိုက်မြေတွေ အသိမ်းခံရတာနဲ့ ပတ်သက်လို့ မြေအသိမ်းခံ တောင်သူတွေအရေး ကူညီ လုပ်ဆောင်ပေးနေသူူတဦးက အခုလို ပြောပါတယ်။

တရက်တလ နှစ်ထောင့်ဆယ့်တကပြီးတော့ ၁ ရက် ၅ လ ၂၀၁၀ ထိပေါ့။ တောင်သူ ဦးရေ ၅၀ ရဲ့ ကြံစိုက်တဲ့ မြေယာတွေ အားလုံးပေါင်း ဧက ၂၀၀ ကျော် သူတို့ သိမ်းဆည်းပြီးပါပြီ။ နေပြည်တော်တိုင်း လယ်ဝေးမြို့နယ်၊ ပင်သောင်အုပ်စုတွင် စကခ ၆ တပ်မ လက်အောက်ခံ တပ်ရင်း ခမရ ၆၀၅ မှ ဗိုလ်ကြီး သန်းဝင်းအောင်နှင့် မြို့နယ်မြေစာရင်းအဖွဲ့တို့ ပူးပေါင်း၍ ဗိုလ်ချုပ်စိုးရှိန်၏ အမိန့်ဖြင့် တောင်သူများ နှစ် ၂၀ ခန့် ဓားမဦးချ လုပ်ကိုင်နေသော မြေကွက်များကို သိမ်းယူခဲ့ပါတယ်။”

 အသိမ်းခံရတဲ့ မြေဧက ၂၀၀ ကျော်ဟာ အခွန်ဆောင်ပြီး စိုက်တဲ့ အစိုးရ အမည်ပေါက်ရှိတဲ့ မြေတွေတော့ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ကြံစိုက်တောင်သူတွေ နှစ်ပေါင်း ၂၀ လောက်ကတည်းက ဓားမဦးချ စိုက်ပျိုးမြေအဖြစ် ခုတ်ထွင်ခဲ့တာလို့ သိရပါတယ်။ အစိုးရပိုင် အမှတ် ၅ သကြားစက်အတွက် ခေတ်အဆက်ဆက် ကြံစိုက်ပျိုးပြီး ထွက်ရှိတဲ့ ကြံတွေအားလုံး ရောင်းချခဲ့ကြရသလို အစိုးရက စီမံကိန်းသီးနှံတွေ စိုက်ပျိုးခိုင်းတဲ့ နှစ်တွေမှာလည်း စိုက်ပျိုးပေးရကာ အစိုးရထံ သွင်းခဲ့တဲ့ တောင်သူတွေ လုပ်ကိုင်နေတဲ့ မြေဖြစ်ပါတယ်။

 သိမ်းဆည်းခံတောင်သူတွေကို ဗိုလ်ချုပ် စိုးရှိန်က လျော်ကြေးငွေ ပေးဆောင်ခဲ့တာမျိုးတွေ ရှိပေမဲ့ တဧကကို ကျပ် သုံးသောင်းခွဲ လေးသောင်းလောက်သာ ပေးဆောင်ခဲ့ပါတယ်။ ဒီလို ပေးဆောင်ရာမှာလည်း စစ်တပ်က ဗိုလ်ကြီး တဦး နဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေက ကြားပွဲစား လုပ်ပြီး ငွေဖြတ်ယူတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

မြေအသိမ်းခံကြရတဲ့ ကြံစိုက်တောင်သူ အများစုဟာ လျော်ကြေးမရပဲ အတော့်ကို နစ်နာနေရတဲ့ အခြေအနေကိုလည်း စောစောက မြေအသိမ်းခံ တောင်သူတွေအရေး အကူအညီပေးနေသူကပဲ အခုလို ဆက်ပြောပါတယ်။

“ဒီ ဗိုလ်ချုပ်တွက သရက်ပင် ပြန်စိုက်မှာတဲ့ မြေတဧကရဲ့ ကာလ ပေါက်ဈေး နှစ်သိန်းကျော်တယ်။ လျော်ကြေး ပေးတဲ့အခါမှာ လေးသောင်း သုံးသောင်းခွဲလောက်ပဲ သူက အဲဒီလို ဖြတ်ပြီးတော့ ပေးကြတာ။ ကြံတဧက စိုက်ရင် တန် ၃၀ ရတယ်ဗျ။ ကြံတန် ၃၀ ရတော့ တတန်ကို အခု ဒီနှစ် ပေါက်ဈေးပေါ့နော် အစိုးရဖြတ်ဈေးက တတန်ကို သုံးသောင်း ရှိတယ်။ အများကြီး နစ်နာတာပေါ့။”

အခုလို မြေသိမ်းယူမှုတွေကို ဗိုလ်ကြီး သန်းဝင်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြေစာရင်းဌာနတို့ ပူးပေါင်းပြီး လယ်ဝေးမြို့နယ်ထဲက ပင်သောင်အုပ်စုအပြင် ပေါက်မြိုင်အုပ်စု၊ သစ်ကြိမ်းအုပ်စုနဲ့ သဲကြီးကုန်း အုပ်စုတွေမှာလည်း ဆက်လက် သိမ်းဆည်းနေတယ်လို့ သိရပါတယ်။

 ကြံစိုက်တောင်သူတွေ ပိုင်တဲ့ မြေဧက ၂၀၀ ကျော် သိမ်းဆည်းခံခဲ့ရတာနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေ အားလုံးကို မြေအသိမ်းခံရတဲ့ တောင်သူတွေ လက်မှတ် ရေးထိုးပြီး သမ္မတသစ် ဦးသိန်းစိန်အစိုးရထံ အခု ရက်ပိုင်းအတွင်း စာရေးသား တိုင်ကြားဖို့ ပြင်ဆင် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။