လယ်မြေများမှ ဖယ်ခိုင်းသဖြင့် လယ်သမားများနှင့် ထိပ်တိုက်တွေ့

မန္တလေးတိုင်း မြင်းခြံခရိုင် အတွင်းမှာ စက်မှုဇုံ တည်ဆောက်မယ်ဆိုပြီး အာဏာပိုင်တွေက ဆည်ရေသောက် လယ်ယာမြေ ဧက ၆ ထောင်ခန့် ကို အဓမ္မ ဖယ်ခိုင်းတဲ့အတွက် ရွာ ၅၁ ရွာရှိတဲ့ အနက် ရွှေဘုံသာရွာက လယ်သမားကြီး ၅၁ ယောက်က ဘိုးဘွားပိုင်မြေမို့ မဖယ်ပေးဘဲ ကန့်ကွက်ခဲ့သလို အမျိုးသမီးတချို့ကလဲ မြေတူးစက်တွေ ရှေ့မှာ ပိတ်ဆို့ မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။

2011.06.03
farmer_woman_work_305_z.jpg လယ်ယာ လုပ်ငန်းခွင်တခုတွင် အလုပ်လုပ်နေသော လယ်သူမလေးများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ရွှေဘုံသာရွာ လယ်သမားကြီးတွေနဲ့ ပတ်သက်ပြီး နဖူးဆိုင်ရွာက လယ်သမားကြီးတစ်ဦးက RFA ကို အခုလိုပြောပြပါတယ်။

"ကျုပ်တို့ လယ်ကိုတော့ မထိုးပါနဲ့။ ကျုပ်တို့ကိုဘဲ သတ်ပါဆိုပြီးတော့ အမျိုးသမီးအဖွဲ့ကလေ ဘူဒိုဇာရှေ့မှာ ရပ်ပြီးတော့ အဲလောက်အထိ တောင်းဆိုကြတယ်ဗျာ။

သူတို့က ပြောတယ်ဗျာ။ ခင်ဗျားတို့ ရွှေဘုံသာရွာကို စာသင်ကျောင်းကြီး ဆောက်ပေးပါမယ်။ တခြား လျှော်ကြေးလည်း ပေးပါမယ်ပေါ့ဗျာ။

သူတို့က ဒီမြေနဲ့ လုပ်ကိုင်စားနေတော့လည်း မြေဘဲလိုချင်တာပေါ့ဗျာ။ တနှစ် နှစ်နှစ်စားလိုက်တာနဲ့ ဒီငွေက ကုန်သွားမှာပေါ့ဗျာ။ သူတို့ ဘ၀ ပျက်သွားမှာပေါ့ဗျာ။ အာဏာပိုင်တွေကလည်း သိမ်းမယ်ဘဲ ပြောနေတာပေါဗျာ။ "

ဒီလို လျှော်ကြေး လက်မခံခဲ့တဲ့ ရွှေဘုံသာရွာ လယ်သမား ၅၁ ယောက်ဟာ NLD ဗဟို မှာပါ အကူအညီ တောင်းထားကြောင်းကိုလည်း အဲဒီ လယ်သမားကြီးကပဲ ဆက်လက် ပြောပါတယ်။

'ကျနော်တို့ အဖွဲ့ချုပ်ကလည်းဘဲ သက်ဆိုင်ရာကို စာပို့ထားတယ်။ သမ္မတကြီးအထိ။ လယ်သမား ၅၁ ယောက် လက်မှတ်ထိုးပြီးတော့ စာကို။ အခု အဲဒီ လယ်သမားတွေကို မြင်းခြံမြို့နယ် အုပ်ချုပ်ရေးမှူးကနေပြီးတော့ မနေ့က ခေါ်စစ်နေတယ်။'

အခုလို စက်မှုဇုံဆောက်ဖို့သိမ်းယူနေတဲ့လယ်ယာမြေတွေဟာ တောင်ပင်လယ်ဖက်က ဆည်ရေသောက် လယ်ယာမြေတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။