မိုင်းနင်းမိတဲ့အတွက် ကလေး တစ်ဦး သေဆုံး
2017.04.21
ကချင်ပြည်နယ် မန်စီမြို့က ပြင်လွင်ဦးရပ်ကွက်ရဲ့ အရှေ့ဘက် ၃ ဖာလုံလောက်ဝေးတဲ့ နေရာမှာ ဧပြီလ ၁၉ ရက်နေ့က မိုင်းနင်းမိခဲ့လို့ သားအမိ လေးဦးမှာ တစ်ဦးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့တာကြောင့် ဗန်းမော်ဆေးရုံမှာ ဆေးကုသခံနေရပါတယ်။
မိုင်းနင်းမိပြီး သေဆုံးသွားတဲ့ ကလေး နဲ့ မိသားစုအကြောင်း မန်စီမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်း က RFA ကို အခုလို ပြောပါတယ်။
"အငယ်ဆုံးကလေးမလေးက မိုင်းတက်နင်းပြီးတော့ အဲနားမှာပဲ ဒဏ်ရာရပြီးသေတာပေါ့နော်၊ အစ်မဖြစ်တဲ့ ၂ ယောက်က ဒဏ်ရာရတာပေါ့၊ သူတို့ကတော့ အခု ဗန်းမော်ဆေးရုံမှာ တင်ထားကြတယ်လေ၊ ပြည်သူတွေ က ကြားထဲမှာနေပြီးတော့ ဒုက္ခရောက်နေတယ်၊ မကောင်းတဲ့ ပုံရိပ်တွေပေါ့၊ ကျနော်တို့အနေနဲ့တော့ ဒီမိုင်းထောင်တို့ဘာတို့ မဖြစ်စေချင်ဘူးပေါ့၊ မလိုလားဘူးပေါ့နော်၊ အဓိက ကျနော်တို့က ငြိမ်းချမ်းရေး ကို မြန်မြန်ရစေချင်တာပေါ့နော်"
မိုင်းနင်းမိတာကြောင့် အသက် ၉ နှစ်အရွယ် တတိယတန်းဖြေဆိုထားတဲ့ မိန်းကလေး ၁ ဦးသေဆုံးခဲ့ပြီး အမဖြစ်သူ ၂ ဦး ဒဏ်ရာရရှိတာဖြစ်ပါတယ်။
မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဆားမှော်၊ ဆင်ဘို၊ ဖားကန့် စတဲ့ မြို့ရွာတွေဘက်မှာလည်း မိုင်းပေါက်ကွဲမှုတွေ မကြာခဏဖြစ်လေ့ရှိပါတယ်။