မင်းတပ်မြို့မှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ကလေးနှစ်ဦးဒဏ်ရာရ
2024.02.05

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ် ခလရ (၂၇၄) တပ်ရင်းအနီးမှာ ဖေဖော်ဝါရီလ ၄ ရက်က မြေမြှုပ်မိုင်းနင်းမိတာကြောင့် အသက်အပြည့်သေးတဲ့ ကလေးနှစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မိုင်းနင်းမိတာကြောင့် အသက် ၁၂ အရွယ် ယောက်ျားလေးတစ်ဦး ကျောဘက်မှာမိုင်းစထိမှန်ခဲ့ပြီး အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကတော့ ညာဘက်ခြေမျက်စိအောက်ကနေ ပြတ်သွားတယ်လို့ဆိုပါတယ်။
မိုင်းထိမှန်ခဲ့သူတွေရဲ့ လုံခြုံရေးအရ သူတို့ရဲ့အမည်တွေကိုတော့ ဖော်ပြနိုင်ခြင်းမရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“သူတို့က မီးသတ်ကုန်းအောက်နားမှာ နေကြတာ။ သူတို့က ခြံကိုရောင်းမယ်ဆိုပြီး မြေတိုင်းကြတာ။ အဲဒီမှာ စကစကထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ကလေးမလေးက ခြေတစ်ဖက်ပြတ်ထွက်သွားတယ်။ ကလေးမလေးနဲ့ အတူလိုက်လာတဲ့ကောင်လေးက ကျောဘက်ကိုထိသွားတာ”
မိုင်းနင်းမိတဲ့ ကလေးနှစ်ဦးကတော့ မင်းတပ်မြို့ပေါ်ရှိမှာရှိတဲ့ ခလရ (၂၇၄) တပ်ရင်းမှာ ဆေးကုသနေတယ်လို့ ဆိုပါတယ်။
အဲဒီမြေမြှုပ်မိုင်းဟာ စစ်ကောင်စီတပ်က ထောင်ထားတဲ့မိုင်းဖြစ်တယ်လို့ ဒေသခံတွေပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ဇန်နဝါရီ ၂၆ ရက်နေ့ကလည်း တီးတိန်မြို့နယ်၊ သိုင်းငင်းရွာမှာ ဒေသခံတစ်ဦး နွားနောက်သွားရှာချိန် မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခြေထောက်တစ်ဖက်ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။