ဆီဆိုင်မြို့မှာ မြေမြှုပ်မိုင်းကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရ

RFA Burmese
2024.06.07
ဆီဆိုင်မြို့မှာ မြေမြှုပ်မိုင်းကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရ ဆီဆိုင်မြို့ သီရိရပ်ကွက်တွင် ဗုံးသီးဆော့ကစားရာမှ ထိခိုက်ဒဏ်ရာရသွားသည့် ကလေးငယ်အား ၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။
ခမ်းသာငေါင်း သတင်းဌာန

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှာ မြေမြှုပ်မိုင်းပေါက်ကွဲပြီး ဇွန် ၆ ရက်က အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

မြကန်သာရပ်ကွက်မှာ မိုင်းပေါက်ကွဲခဲ့ပြီး နေရပ်ပြန်လာတဲ့ အသက် ၇၀ ဝန်းကျင် အမျိုးသမီး ခြေထောက်ပြတ်သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဒီအမျိုးသမီး ထိခိုက်သွားတာလည်း မြကန်သာ ရပ်ကွက်ထဲမှာပဲဖြစ်တာ။ အဲဒီမှာ မိုင်းထောင်ထားတာ အလုံးတစ်ရာကျော် ရှိတယ်။ မပေါက်သေးတဲ့ လက်နက်တွေလည်း ရှိတယ်။ ကလေးလူကြီး ခဏခဏဖြစ်နေတာ”

အခုနှစ် မေလကနေ ဇွန်လဆန်းပိုင်းအထိ ဆီဆိုင်မြို့မှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံခဲ့ပြီး ကလေးငယ်သုံးဦးအပါအဝင် အနည်းဆုံး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။

မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့မှာ ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က သိမ်းယူခဲ့ပါတယ်။ မတ်လကုန်ပိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့တွေက ပြန်လည်သိမ်းယူခဲ့ပါတယ်။

လက်ရှိ ဆီဆိုင်မြို့ပေါ်မှာ တိုက်ပွဲတွေငြိမ်နေလို့ ဒေသခံတွေ နေရပ်ပြန်လာနေကြပေမဲ့ မြေမြှုပ်မိုင်းကြောင့် မကြာခဏ ထိခိုက်၊ သေဆုံးမှုတွေ ဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။