ဖလမ်းမှာ မြေမြှုပ်မိုင်းနင်းမိလို့ ဒေသခံတစ်ဦးသေဆုံး
2024.06.06

ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ဗားရ်တံတားအနီး မဏိပူရ်မြစ်ကမ်းဘေးမှာ အရပ်သားတစ်ဦး ဇွန်လ ၅ ရက်က မြေမြှုပ်မိုင်းနင်းမိလို့ ခြေနှစ်ဖက်ပြတ်ပြီး သွေးထွက်လွန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သေဆုံးသူဟာ အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဖလမ်းမြို့နယ်၊ ကြောင်ဟဲင်းရွာက ဖြစ်ပါတယ်။
မိုင်းပေါက်ကွဲတဲ့နေရာဟာ စစ်ကောင်စီ တပ်စခန်းဟောင်းနေရာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အဲဒီနားမှာ စစ်ကောင်စီစခန်းတွေ အရင်က အခိုင်မာရှိထားတော့ သူတို့ထောင်ထားခဲ့တဲ့မိုင်းပဲဖြစ်မယ်။ နင်းမိတာလည်း မြေမြှုပ်မိုင်းပဲလေ။ ခြေနှစ်ဖက်လုံး ပြတ်သွားတာ၊ သွေးထွက်လည်းများတော့ ဆေးရုံဆေးခန်း မပို့နိုင်တော့ပဲ အဲဒီမှာပဲ သေသွားတယ်”
ဒီမြေမြှုပ်မိုင်းကို စစ်ကောင်စီတပ်က ထောင်ခဲ့တာလို့ ဒေသခံတွေက ပြောပေမဲ့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကိုလည်း ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။
၂၀၂၃ ခုနှစ်ကလည်း ဗားရ်တံတားအနီး မြေမြှုပ်မိုင်းနင်းမိလို့ အရပ်သားနှစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် အရပ်သား နှစ်ဆယ်ဦးသေဆုံးခဲ့ပြီး ၃၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။