လက်ပံတောင်းဒေသခံတွေ ဆန္ဒပြ
2017.06.26

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကောင် အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက လက်ပံတောင်းတောင်အစီရင်ခံစာအတိုင်း လိုက်နာမှု မရှိလို့ဆိုပြီး ဒေသခံ ၁၅၀ လောက်က ပုသိမ်-မုံရွာကားလမ်းမပေါ်မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အဲဒီစီမံကိန်းက မိုင်းခွဲနေတာတွေကို တာဝန်ရှိသူတွေက စစ်ဆေးမှုမရှိတာကြောင့် ဆန္ဒပြ တာဖြစ်တယ်လို့ အလယ်တောကျေးရွာက မစန္ဒာ က ပြောပါတယ်။
"လွန်ခဲ့တဲ့ ၂၃ ရက်လောက်ကပေါ့နော်။ ကြေးနီစီမံကိန်းက မိုင်းတန်ချိန်တွေအများကြီး အဆမတန် ထည့် ပြီးခွဲတဲ့ကြောင့်မို့လို့ စီမံကိန်းအနီးမှာရှိတဲ့ ကျော်ရွာဆိုလို့ရှိရင် မိုင်းခွဲမှုဒဏ်ကြောင့် တုန်ခါမှုတွေလည်း အများကြီးဖြစ်တယ်။ ဖုန်မှုန့်တွေကလည်း အများကြီး ရွာကိုလွှမ်းခြုံတဲ့အတွက် လူတွေနေရတာ အဆင်မပြေ ဘူးပေါ့နော်။ အဲ့လိုမျိုး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နေတယ်။ ဒါပေမဲ့ နိုင်ငံတော်စီမံကိန်းလို့ သာ ပြောပြီးတော့ စီမံကိန်းက စည်းကမ်းမဲ့လုပ်ဆောင်နေတာကို သက်ဆိုင်ရာ အာဏာပိုင်တွေက လာပြီးတော့ စစ်ဆေးအရေးယူမပေးတဲ့အတွက် ကျွန်မတို့ ဒေသခံတွေက ဆန္ဒဖော်ထုတ်တာပါရှင့်။ "
ဆန္ဒပြသူတွေဟာ ဝမ်ပေါင်ကုမ္ပဏီရှေ့ကို သွားရောက်ဆန္ဒပြဖို့ စီစဉ်ထားပေမယ့် လမ်းတစ်လျှောက်မှာ အင်အား ၄ဝဝ လောက်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေက တားဆီးတာကြောင့် ပုသိမ်-မုံရွာကားလမ်းမပေါ်မှာပဲ ဆန္ဒပြခဲ့ကြတယ် လို့ ပြောပါတယ်။
ဆန္ဒပြပွဲမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် မြေသိမ်းခံခဲ့ရတဲ့ ဆည်တည်း ၊တုံရွာ၊ မိုးကြိုးပြင်၊ အလယ်တော၊ တုံရွာသစ် စတဲ့ကျေးရွာက ဒေသခံတွေ ပါဝင်ပါတယ်။
ဆန္ဒပြသူတွေက အစီရင်ခံစာကို မလိုက်နာတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဖျက်သိမ်းဖို့၊ အစီရင်ခံစာ မှာပါတဲ့အတိုင်း အစားထိုးမြေဧက ၁၉ဝဝ မဖော်ထုတ်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းဖို့၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေတဲ့ စီမံကိန်းဖျက်သိမ်းဖို့ စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြကြတယ်လို့ သိရပါတယ်။