လပွတ္တာမှာ လယ်သိမ်းခံတောင်သူ ၆ ဦးကို ထောင်ဒဏ်တွေ ချမှတ်


2014.11.04
farmers-plant-305 လယ်ကွင်းတစ်ခုအတွင် လယ်သူမများ စပါးပျိုးပင်များ စိုက်ပျိုးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် တရားရုံးက ကျူးကျော်ဝင်ရောက်မှု၊ အကျိုးစီးပွားပျက်စီးစေမှုတွေနဲ့ တရားစွဲခံထားရတဲ့ တောင်သူလယ်သမား ၆ ယောက် ကို ထောင်ဒဏ် ၂ လစီ ချမှတ်လိုက်ပါတယ်။

တရားစွဲခံထားရတဲ့ လယ်သမား ၁၇ ယောက်ထဲက ၆ ယောက်ကို ပုဒ်မ ၄၄၇ ကျူးကျော်ဝင်ရောက်မှု နဲ့ ထောင်ဒဏ် ၂ လ စီ အမိန့်ချလိုက် ပြီး မြောင်းမြထောင်ကို ပို့လိုက်တယ်လို့ လယ်သမား ၁၇ ဦးရဲ့ ရှေ့နေ ဦးတင်ဝင်းက ပြောပါတယ်။

"အမှုနံပါတ် ၃၇၄ မှာ တရားခံ ၉ ယောက်ကို စွဲထားတဲ့အမှုမှာ တရားခံ ၂ ယောက်ကိုပဲ ထောင် ချတယ်၊ ၇ ယောက်ကို ဒဏ်ငွေတပ်တယ်၊ အမှုနံပါတ် ၃၇၅ မှာ တရားခံ ၂ ယောက်ထဲစွဲထားတယ်၊ ၁ ယောက်က ထောင်ကျတယ်၊ ၁ ယောက်က ဒဏ်ငွေတပ်တယ်၊ အမှုနံပါတ် ၃၇၆ ကျတော့ ၁၇ ယောက်စွဲ ထားတဲ့အထဲမှာ ၃ ယောက်ပဲထောင်ကျတယ်၊ ၁၄ ယောက်က ဒဏ်ငွေတပ်တယ်၊ ကျနော်ကတော့ တရားရုံးအဆင့်ဆင့်ကို အယူခံတက်ပေးဖို့ပဲရှိတယ်လေ၊ မြို့နယ်က ချမှတ်တဲ့အမိန့်ကို ခရိုင်တက်မယ်၊ ခရိုင်ကချမှတ်တဲ့အမိန့်ကို တိုင်းတက်မယ်လေ"

လွန်ခဲ့တဲ့ ၂ဝဝဝ ခုနှစ်က လပွတ္တာမြို့နယ် ဖိုးပြည့်ကျေးရွာက လယ်သမား ၁၇ ယောက်က နိုင်ငံတော် ကို ပေးဆောင်ရမယ့် တာဝန်ကျေစပါး မသွင်းနိုင်တာကြောင့် သူတို့လုပ်ကိုင်နေတဲ့ လယ်ဧက ၄၀ ကျော်ကို ကျေးရွာအုပ်ချုပ်သူတွေထံ ၂နှစ်စာချုပ်နဲ့ အပေါင်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၂နှစ်ပြည့်တဲ့နောက် လယ်သမားတွေက လယ်ကိုပြန်ရွေးတဲ့အခါ အဲဒီလယ်တွေကို တခြားလယ်သမားတွေ ထံ ရောင်းချခဲ့ပြီးဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ဇွန်လက အဲဒီလယ်တွေထဲမှာ ဝင်ရောက်ထွန်ယက်ခဲ့တာကြောင့် လယ်သမား ၁၇ဦးကို ကျေးရွာအုပ်ချုပ်သူတွေထံက ဝယ်ယူလုပ်ကိုင်နေတဲ့ လယ်သမားတွေက တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ကျန်တဲ့ တောင်သူ ၁၁ ဦးကိုတော့ ငွေဒဏ်ကျပ်တစ်ထောင်စီ အသီးသီးချမှတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။