လားရှိုး လူဝင်မှုကြီးကြပ်ရေးရုံးမှာ မိုင်းကွဲ၊ သုံးဦး ဒဏ်ရာရ

2021.11.10
လားရှိုး လူဝင်မှုကြီးကြပ်ရေးရုံးမှာ မိုင်းကွဲ၊ သုံးဦး ဒဏ်ရာရ ၂၀၂၁၊ နိုဝင်ဘာ ၁၀ ရက်နေ့က လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သူတစ်ဦးကို တွေ့ရစဉ်
ဓာတ်ပုံ - လားရှိုး လူငယ်ပရဟိတ။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှာ နိုဝင်ဘာ ၁၀ ရက်၊ ဒီကနေ့ ညနေပိုင်း သုံးနာရီကျော်လောက်က မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး မှတ်ပုံတင် လာရောက်လုပ်ကိုင်နေတဲ့ အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရုံးမှာ မှတ်ပုံတင်လုပ်ဖို့ လူဦးရေ တစ်ရာဝန်းကျင်လောက် ရှိနေပြီး ရုံးအရှေ့လမ်းကနေ မိုင်းနဲ့ပစ်ပြီး ပေါက်ကွဲခဲ့လို့ မှတ်ပုံတင်လုပ်ဖို့ စောင့်နေတဲ့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး နှစ်ဦးတို့ ထိခိုက်ဒဏ်ရာရ သွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အဲဒီထဲမှာ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးက ဦးခေါင်း၊ ဝမ်းဗိုက်နဲ့ လက်မောင်းတွေမှာ ဒဏ်ရာရထားပြီး အနည်းငယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အသက် ၅၈ နှစ်အရွယ် အမျိုးသမီးကတော့ ခါးနဲ့ ဦးခေါင်းမှာ ဒဏ်ရာရခဲ့တာလို့ ပြောပါတယ်။ ကျန်တဲ့ အမျိုးသမီးကတော့ ခြေထောက်မှာ အနည်းငယ်သာ ထိခိုက်သွားတယ်လို့ ပြောပါတယ်။ ဦးခေါင်းကို ထိထားတဲ့သူနှစ်ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိတာမို့ လားရှိုးစစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ကူညီပေးနေသူတွေက ဆိုပါတယ်။

ဒီပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။