လားရှိုးမြို့အနီး တိုက်ပွဲဆက်လက်ပြင်းထန်

RFA Burmese
2024.07.14
လားရှိုးမြို့အနီး တိုက်ပွဲဆက်လက်ပြင်းထန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးနေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်။
Facebook/ Khant Si Thu Htet

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ပူးပေါင်းတပ်တို့ ဇူလိုင်လ ၁၄ ရက်ဒီနေ့မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ရဲ့အရှေ့ဘက်ဝင်ပေါက် AT တံတားအနီးမှာရှိတဲ့ စစ်ကောစီရဲ့ ခလရ-၆၈၊ မြို့တောင်ဘက်က ခမရ-၅၀၇ တပ်ရင်းတွေနဲ့ လွယ်ပြေတောင် စခန်းနေရာတွေမှာ တိုက်ပွဲတွေ ဖြစ်နေတာလို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီမနက်ကို တိုက်ပွဲတွေ ဖြစ်နေတာ။ လွယ်ပြေတောင် စစ်စခန်းအနီးမှာ ဖြစ်နေတာ။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြတယ်။ အိမ်ထဲမှာ နေနေရတယ်။ ဘယ်မှမထွက်ရဲဘူး။ မြို့ထဲအထိတော့ မရောက်သေးဘူး”

မြို့အနီးတိုက်ပွဲတွေ အရှိန်မြင့်လာတာနဲ့အတူ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လူသေဆုံးတာ၊ နေအိမ် ပျက်စီးနေတာတွေရှိနေလို့ မြို့ကနေ ဘေးလွတ်ရာကို ထွက်ပြေးလာရတယ်လို့လည်း နောက်ထပ် မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့နေတဲ့ဘက်လည်း ရှော့တိုက်ဒုံးကျလိုက်၊ ဒရုန်းဗုံး ကျလိုက်ဆိုတော့ နေလို့မရလို့ ရှောင်လာလိုက်ပြီ”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဇွန် ၂၅ ရက်နေ့ကစလို့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက မြို့တချို့မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို TNLA၊ MNDAA နဲ့ PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။