စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ရာကျော် ဒဏ်ရာရခဲ့ကြောင်း MNDAA ထုတ်ပြန်
2024.10.04

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ အကြိမ် ၂၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနဲ့ သုံးလအတွင်း အရပ်သား တစ်ရာကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကိုးကန့်တပ်မတော် MNDAA က အောက်တိုဘာ ၄ ရက်နေ့ ဒီကနေ့ ထုတ်ပြန်ပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လကစပြီး စစ်ကောင်စီက အထူးဒေသ (၁) လားရှိုးမြို့အပါအဝင် စစ်ပွဲကင်းလွတ်ရာ နယ်မြေတွေနဲ့ လူနေရပ်ကွက်တွေကို လေကြောင်း အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရသလို စားဝတ်နေရေး အခက်အခဲဖြစ်ပြီး ဒုတိယအကြိမ် စစ်ရှောင်ထွက်ပြေးခဲ့ရတယ်လို့ လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“အဓိကကတော့ ကိုယ့်အသက်ပါပဲ ကိုယ့်မိသားစုဝင် ကိုယ့်မိတ်ဆွေ ဘေးကင်းကင်းနဲ့ ရှိစေချင်တယ်။ ကျွန်မတို့ရဲ့ အိုးအိမ် အဆောက်အဦးတွေ တိုက်တာအကြီးကြီးလည်း မဟုတ်ပါဘူး။ တဲအိမ်လေးပဲဖြစ်ဖြစ် အကောင်းပကတိအတိုင်းပဲ မြင်ချင်တယ်။ နေစရာအိမ်ဆိုလည်း ကျွန်မတို့က မရှိတော့ဘူး။ ကျွန်မတို့ဆို အိမ်ငှားပြီးနေရတယ်”
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၊ ဘုရားကျောင်း၊ ပြည်သူပိုင်အဆောက်အဉီး၊ နေအိမ်တွေ အများအပြားပျက်စီးခဲ့ပြီး အသက်အန္တရာယ်ကြောင့် ထွက်ပြေးခဲ့တဲ့သူတွေရှိသလို ထွက်ပြေးဖို့ အခက်အခဲဖြစ်ပြီး ကျန်နေခဲ့တဲ့သူတွေလည်းရှိတယ်လို့ အမည်မဖော်လိုတဲ့ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီလို အဆက်မပြတ် ဗုံးကြဲတဲ့အတွက် အဆင်ပြေတဲ့သူတွေကျတော့ တခြားမြို့ကို ရှောင်ကြသလို အဆင်မပြေတဲ့သူကျတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီမှာပဲနေရမှာပေါ့။ ကံတရားပါပဲ”
အောက်တိုဘာလ ၄ ရက်နေ့ မနက်ပိုင်းမှာလည်း လားရှိုးမြို့က နေရာတချို့ကို စစ်ကောင်စီက လေကြောင်းကနေ လေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရပြီး နေအိမ်ဆယ်လုံးကျော် ပျက်စီးသွားပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဩဂုတ်လ ၃ ရက်နေ့က အပြည့်အဝထိန်းချုပ်လိုက်ပြီးတဲ့နောက် စစ်ကောင်စီက လားရှိုးမြို့အပါအဝင် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ အပြင်းအထန်လုပ်လာခဲ့ပါတယ်။