လားရှိုးမြို့အနီး ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေ

RFA Burmese
2024.06.29
လားရှိုးမြို့အနီး ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
The Kokang

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နဲ့ ၁၂ မိုင်အကွာမှာရှိတဲ့ နမ့်ဟူးကျေးရွာအနီးမှာ ဇွန်လ ၂၉ ရက် ဒီနေ့ မနက်ပိုင်းကတည်းက ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုး-ကွတ်ခိုင် ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ နမ့်ဟူးကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းကို ကိုးကန့်တပ်မတော် (MNDAA) က ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲစတင်ခဲ့တာလို့ ဆိုပါတယ်။

လားရှိုးမြို့ပေါ်အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကနေလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ အမည်မဖော်လိုတဲ့ လားရှိုးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"တစ်မနက်လုံး ရမခထဲက တစ်လုံးပြီးတစ်လုံး လွှတ်နေတာ။ အလုံး နှစ်ဆယ်နီးပါးရှိတယ်။ အကုန်လုံးကတော့ ဖုန်းနဲ့ဆက်သွယ်ပြီး နေနေကြတယ်။ ပြေးစရာရှိလည်း ပြေးရအောင် အထုပ်ပြင်ထားကြပါတယ်"

ဒါ့အပြင် ဒီနေ့ နေ့လယ်ပိုင်းမှာလည်း လားရှိုးမြို့ပေါ်က စုပေါင်းရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပြည်သူတချို့ပါ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံတချို့ ဒဏ်ရာရခဲ့ကြပေမဲ့ အရေအတွက်အတိအကျကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအခြေအနေ အသေးစိတ်ကိုသိရဖို့ ကိုးကန့်တပ်မတော် (MNDAA) တာဝန်ရှိသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

လားရှိုးမြို့ကို တိုက်ပွဲတွေ ဆက်မလာစေရေးအတွက် မြို့ကိုဝင်ထွက်သွားလာနေတဲ့ အဓိကလမ်းမကြီးနှစ်ခုကို ဒီရက်ပိုင်းမှာပဲ စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၂၅ ရက်ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့၊ မန္တလေးတိုင်းက မိုးကုတ်နဲ့ မတ္တရာမြို့တို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲဆိုပြီး တိုက်ခိုက်နေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။