လားရှိုးတိုက်ပွဲ နှစ်ရက်အတွင်း လက်နက်ကြီးကြောင့် အရပ်သား ၁၁ ဦးသေဆုံး

RFA Burmese
2024.07.04
လားရှိုးတိုက်ပွဲ နှစ်ရက်အတွင်း လက်နက်ကြီးကြောင့် အရပ်သား ၁၁ ဦးသေဆုံး ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က လက်နက်ကြီးကျည် ကျ‌ရောက်‌ပေါက်ကွဲခဲ့သည့်နေအိမ်အား တွေ့ရစဉ်။
Citizen Photo

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အနီးတစ်၀ိုက်ဖြစ်နေတဲ့ တိုက်ပွဲ နှစ်ရက်တာအတွင်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ အရပ်သား ၁၁ ဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရထားတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေက ဇူလိုင်လ ၄ ရက်နေ့မှာ ပြောပါတယ်။

ဇူလိုင်လ ၃ ရက်နေ့က လားရှိုးမြို့ ရပ်ကွက် (၁) က မိသားစုဝင် ခြောက်ဦး၊ နမ့်ပေါင်ရွာက ဒေသခံ တစ်ဦး၊ ရပ်ကွက် (၅) က ပန်အုပ်ဘုန်းကြီးကျောင်းအနီး လက်နက်ကြီးကျမှုမှာ ရဟန်းတစ်ပါးနဲ့ ကိုရင်တစ်ပါး စုစုပေါင်း ကိုးဦး သေဆုံးခဲ့တာပါ။

ဇူလိုင်လ ၄ ရက် ဒီနေ့မနက်မှာတော့ လက်နက်ကြီးကျည်ကြောင့် ရပ်ကွက် (၉) က သားအမိနှစ်ဦး သေဆုံးခဲ့တယ်လို့ လားရှိုးမြို့က လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောပါတယ်။

“ဒီနေ့မနက် ရပ်ကွက် (၉) က သားအမိဆုံးတာ စောစာကပဲ ရင်ခွဲရုံကို လာပို့သွားတာ။ တိုက်ပွဲကလည်း ပတ်ပတ်လည်မှာ ဖြစ်နေတယ်။ လက်နက်ကြီးသံတွေလည်း ကြားရတယ်”

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတွေ သေဆုံးတာလို့ တော်လှန်ရေးပူးပေါင်းတပ်တွေကပြောဆိုပြီး စစ်ကောင်စီဘက်ကတော့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်လို့ အပြန်အလှန် စွပ်စွဲပြောဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ နှစ်ဖက်ပြောခွင့်ရသူတွေထံ RFA ကဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဒီနေ့မှာတော့ တိုက်ပွဲတွေက မြို့နဲ့ ပိုနီးကပ်လာပြီလို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

“တဖြည်းဖြည်းနဲ့တော့ မြို့နဲ့နီးလာပြီ။ ကျွန်တော်တို့နေတဲ့နေရာကနေ ဒီနေ့မနက်တော့ လက်နက်ငယ် သေနတ်သံတွေစကြားလာပြီ။ လက်ကြီးသံကလည်း ပုံမှန်ပဲ”

လားရှိုးမြို့ထဲမှာ စစ်ကောင်စီတပ်က လုံခြုံရေးယူထားပြီး မြို့ပတ်ပတ်လည်ကနေ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတာပါ။ တော်လှန်ရေးပူးပေါင်းတပ်တွေကတော့ ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာလို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။