လားရှိုးမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးစခန်း ဖွင့်လှစ်

ကံသာ
2020.09.22
swab-center-lashio-622.jpg လားရှိုးမြို့ မိုးကုတ်ဝိပ္ပသနာကျောင်းတိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်တဲ့စခန်းကို ၂၀၂၀ စက်တင်ဘာ ၂၂ ရက်နေ့က အစိုးရဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေစဉ်။
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က မိုးကုတ်ဝိပ္ပသနာကျောင်းတိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်တဲ့စခန်းကို ဖွင့်လှစ်ထားပြီး အစိုးရက ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေပါတယ်။

ကိုရိုနာဗိုင်းရပ်ဖြစ်ပွားနှုန်းများနေတဲ့နေရာကပြန်လာပြီး အသွားအလာကန့်သတ်စောင့်ကြည့်ခံရတဲ့သူတွေကို သတ်မှတ်ရက်အလိုက် ဒီစခန်းမှာ နှာခေါင်းတို့ပတ် အာခေါင်တို့ပတ်တွေယူပြီး မန္တလေးမြို့ကို ပို့ဆောင်စစ်ဆေး တာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ထမ်းအင်အား အလေအလွင့်မဖြစ်စေဖို့နဲ့ စနစ်တကျဖြစ်အောင် မိုးကုတ်ဝိပ္ပသနာကျောင်း တစ်နေရာထဲမှာစုပြီး နှာခေါင်းအာခေါင်တို့ပတ် ယူပေးနေတာဖြစ်တယ်လို့ လားရှိုးမြို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ အတွင်းရေးမှူးလည်းဖြစ်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှူးလည်းဖြစ်တဲ့ ဒေါက်တာအေးနိုင်ကပြောပါတယ်။

ရပ်ဝေးခရီးကပြန်လာပြီး နေအိမ်၊ ဟိုတယ်တွေမှာ အသွားအလာစောင့်ကြည့်ခံနေရတဲ့သူတွေကို လားရှိုးမြို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးပရဟိတကွန်ယက် အကူအညီနဲ့ စခန်းမှာ ဆေးလာစစ်နိုင်ဖို့ အကြို အပို့လုပ်ပေးနေတယ်လို့လည်း ဆိုပါတယ်။

လားရှိုးမြို့မှာ တစ်ပတ်နှစ်ကြိမ် နှာခေါင်းအာခေါင်တို့ပတ်နမူနာယူရလေ့ရှိပြီး ဒီကနေ့ ဒီစခန်းကနေ လူဦးရေရှစ်ဆယ်ကျော်ရဲ့ နှာခါင်း၊အာခေါင် တို့ပတ်တွေ ရယူခဲ့တာဖြစ်ပြီးတော့ မနက်ဖြန်မှာ မန္တလေးမြို့ကို ပို့ဆောင်စစ်ဆေးမှာဖြစ်ပါတယ်။

လူဦးရေခြောက်ရာကျော်ရဲ့ နှာခေါင်းအာခေါင်တို့ပတ်နမူနာစစ်ဆေးခဲ့ပြီးပြီးလို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအာကာလင်း က RFA ကိုပြောပါတယ်။

ရပ်ဝေးကနေပြန်လာတဲ့သူတွေကို လားရှိုးကိုမဝင်ခင် ခေးနင်းတိုးဂိတ်နဲ့ မြို့ရှောင်လမ်းဂိတ်တွေမှာ ကျန်းမာရေး စစ်ဆေးနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနှုန်းများတဲ့ ဒေသက ပြန်လာတဲ့သူတွေ၊ ရောဂါကူးစက်ခံထားရသူနဲ့ ထိတွေ့ခဲ့သူတွေ အနေနဲ့ မိမိနေအိမ်မှာဘဲ ၂၁ ရက် အသွားအလာကန့်သတ်နေထိုင်ခွင့်ပြုထားတာပါ။

ဆန္ဒအလျှောက် ဟိုတယ်မှာ နေထိုင်လိုတယ်ဆိုရင်တော့ ၁၄ ရက် ကိုယ့်အစီအစဉ်နဲ့ကိုယ် ကုန်ကျစရိတ်ခံ နေခွင့်လည်းရှိပါတယ်။

အစိုးရက စီစဉ်ထားတဲ့ ကျန်းမာရေးစောင့်ကြည့် စင်တာမှာနေထိုင်ချင်သူတွေကတော့ စောင့်ကြည့်ကာလ ၁၄ ရက်အတွက် ကာလမှာ စားစရိတ် ကျပ်တစ်သိန်း ပေးသွင်းရမှာပါ။

လားရှိုးမှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံရသူတွေကို ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ရှိ/မရှိ အခမဲ့ နှစ်ကြိမ်စစ်ဆေးပေးနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။