ဝ အဖွဲ့တောင်းဆိုမှုကို တုန့်ပြန်ဖို့မရှိကြောင်း ပြည်နယ် ရဲမှူးချုပ်ပြော
2017.04.11

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA လားရှိုးဆက်ဆံရေးရုံးကို လားရှိုးမြို့ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က ရိုက်ချိုးဖျက်ဆီးပြီး ဝင်ရောက်ရှာဖွေခဲ့တဲ့အပေါ် ပြန်လည်တောင်းပန်ဖို့နဲ့ မတောင်းပန်ရင် တုန့်ပြန် မှုတွေ ဆောင်ရွက်သွားမယ်လို့ UWSA က ကြေညာချက်ထုတ်ပြန်ထားတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဘက်က တစ်စုံ တရာ တုန့်ပြန်ဖို့ အစီအစဉ်မရှိဘူးလို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ်အောင်အောင် က ပြောပါတယ်။
နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ကျင့်ထုံးဥပဒေတွေနဲ့ အညီ ဝင်ရောက်ရှာဖွေခဲ့တာ ဖြစ်တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးချုပ်အောင်အောင် က ပြောပါတယ်။
"မရှိပါဘူး။ ဒါကတော့သူတို့ အထင်မြင်လွဲမှားစွာနဲ့ ထုတ်ပြန်တယ်လို့ပဲ ယူဆတယ်လေ။ နိုင်ငံတော်က သတ်မှတ် ထားတဲ့ ကျင့်ထုံးဥပဒေတွေအရ ပါဝင်သင့်ပါဝင်ထိုက်သူတွေ၊ ရှာဖွေဝရမ်းတွေပါတယ်။ ညင်သာသော နည်းနဲ့ပဲ ရှာပြီးတော့မှ လက်နက်တော့မတွေ့ဘူး ကျန်တာတွေ့ တယ်။ တွေ့တဲ့ အပေါ်မှာ မူတည်ပြီးမှ ခိုင်လုံတဲ့ အထောက် အထားအရ ပါဝင်တဲ့သူတွေရှေ့မှာပဲ တိတ်တခိုးလေးသူတို့ကွယ်ရာမှာ လုပ်တာ မဟုတ်ဘူးလေ။"
UWSA က ဧပြီ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ လားရှိုးဆက်ဆံရေးရုံးအိမ်တံခါးကို ရဲတပ်ဖွဲ့က အတင်းအဓမ္မရိုက်ချိုးဖျက်ဆီးပြီး ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ ပါရှိခဲ့ပြီး ဝင်ရောက်ရှာဖွေရာမှာ ညင်သာတဲ့နည်းနဲ့ သာ စစ်ဆေးခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့အပြင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ၊ တပ်မတော်က တာဝန်ရှိသူတွေပါ ပါဝင် တာ ဖြစ်တယ်လို့ ရဲမှူးချုပ်အောင်အောင်က ပြောပါတယ်။
ဧပြီ ၇ ရက်နေ့က တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်မှာ အမျိုးသားတစ်ဦး နေအိမ်ဝင်းအတွင်း မိုးပေါ်ထောင် ပြီး သေနတ်ပစ်ဖောက်မှုပြုလုပ်ခဲ့တဲ့အပေါ် ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးရာမှာ လက်နက်ကိုင်ဆောင်မှုဟာ UWSA လားရှိုးဆက်ဆံရေးရုံးနဲ့ ဆက်စပ်မှုတွေရှိနေတယ်လို့ စုံစမ်းသိရတဲ့အတွက် ဆက်ဆံရေးရုံးကို ဝင်ရောက်ရှာဖွေ ခဲ့တာ ဖြစ်တယ်လို့ ရဲမှူးချုပ်အောင်အောင် က ပြောပါတယ်။
အဲဒီလိုဝင်ရောက်စစ်ဆေးရာမှာ လက်နက်တွေသိမ်းဆည်းရမိတာမျိုးမရှိဘဲ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ ကျည်တွေ တွေ့ရှိခဲ့ရတယ်လို့လည်း ဆိုပါတယ်။
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်မှာ ပစ်ခတ်မှုတွေပြုလုပ်ခဲ့သူ ဦးထွန်းထွန်းအောင် ခေါ် အားဟောင်ဟာ UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံရဲ့ သားဖြစ်ကြောင်း စုံစမ်းသိရပြီး ဦးထွန်းထွန်းအောင်ကို ဇနီးဖြစ်သူ နဲ့ ယောက္ခမဖြစ်သူက လက်နက်မှု၊ နေအိမ်အတွင်း တရားမဝင်ကျူးကျော်ဝင်ရောက်မှု၊ ကိုယ်ထိလက်ရောက်မှုတွေ နဲ့ အမှုဖွင့်ထားပြီ်း တောင်ကြီးရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။