လက်ပံတန်းမှာ ဖြိုခွင်းဖမ်းဆီး ခံထားရသူတွေ လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆို


2015.04.10
letpadan-students-free-protest-305 ကျောင်းသားသပိတ်စစ်ကြောင်း ဖြိုခွဲခံရတဲ့ ၁ ပြည့်အထိမ်း အမှတ် ဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့အတွက် ဧပြီလ ၁ဝ ရက်နေ့က ဆန္ဒပြတောင်းဆိုကြစဉ်
Photo: Hste Paing Toe, Kyaw Htoon Naing/RFA

လက်ပံတန်းမြို့က ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရတဲ့ တစ်လပြည့် အထိမ်းအမှတ် အဖြစ် ဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေး ဖို့အတွက် မန္တလေးမြို့နဲ့ ပဲခူးမြို့ မှာ ကျောင်းသား ကျောင်းသူတွေနဲ့ မြို့ခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ပဲခူးမြို့ ဆန္ဒပြပွဲမှာ ပဲခူးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုမျိုးကိုကိုခိုင်က ဖမ်းဆီးခံထားရတဲ့ ကျောင်း သား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို ပြန်လွှတ်ပေး တဲ့အထိ ဆန္ဒပြတောင်းဆိုသွားမယ်လို့ ပြောပါတယ်။

"အကြမ်းဖက်မှု ဆန့်ကျင်ရှုတ်ချပွဲနဲ့ အဖမ်းဆီး ခံကျောင်းသားများ အမြန်လွတ်မြောက်ရေးဆို ပြီးတော့ ကျနော်တို့ ခေါင်းစဉ်တပ်ထားတယ် ခင်ဗျ၊  ဒီမိုကရေစီပညာရေး နောက်မဆုတ်ဖို့၊ အကြမ်းဖက်မှုမပြုလုပ်ဖို့ ကျနော်တို့တောင်းတဲ့ ဒီမိုကရေစီပညာရေးကိုလည်း ကျနော်တို့ တောင်း ဆိုနေတဲ့အချက်တွေနဲ့အညီ လိုက်လျောပေးဖို့၊ ဒါတွေကို မလိုက်လျောပေးဘူး ကျောင်းသားတွေကို အမြန်ပြန်မလွှတ်ပေးဘူးဆိုရင် ဒီထက်ကြီးမားတဲ့ ဆက်လက်တိုက်တိုက်ပွဲဝင်သွားမယ်ဆိုတဲ့အကြောင်း ကျနော်တို့ ကြေညာထားပါတယ်"

ပဲခူးမြို့ ဆန္ဒပြပွဲမှာ ကျောင်းသား ကျောင်းသူတွေနဲ့ သံဃာတော်တွေ စုစုပေါင်း ၁၅ဝ လောက် ပါဝင်ခဲ့ပါတယ်။

အလားတူ ဆန္ဒပြပွဲကို မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်ဘုရားရှေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗကသ အဖွဲ့ဝင်တွေနဲ့ မြို့ခံတချို့က စုပေါင်းပြုလုပ်ခဲ့ပါတယ်။

မန္တလေးမြို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ပြီးခဲ့တဲ့ မတ်လ ၁ဝ ရက်နေ့က လက်ပံတန်းမြို့ ကျောင်းသားသပိတ် စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရမှုအတွက် တာဝန်ရှိသူတွေ နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့တဲ့အပြင် ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ နာမည်တွေ ရေးသားထားတဲ့ မိုးပျံပူဖောင်းတွေကို လွှတ်တင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။