လက်ပံတောင်းတောင် ဒေသခံ ရွာသားများ မြေယာလျော်ကြေးကို လက်မခံ
2013.08.11
လက်ပံတောင်းတောင် အစီရင်ခံစာ အကောင်အထည်ဖော်ရေးအဖွဲ့က လက်ရှိထုတ်ပေးနေတဲ့ မြေယာလျော်ကြေးများကို ဒေသခံရွာတွေအနေနဲ့ လက်မခံကြောင်း လက်ပံတောင်းဒေသ ရွာသုံးရွာမှာကျင်းပတဲ့ ကျေးရွာလူထုအစည်းအဝေးတွေကနေ ဆုံးဖြတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်းက ဒေသတွင်း ကြေးနီစီမံကိန်းအတွက် အသိမ်းဆည်းခံ မြေယာလျော်ကြေးတွေကို စက်တင်ဘလ ၃ဝ ရက်နေ့ နောက်ဆုံးထားပြီး ထုတ်ယူဖို့ကို အာဏာပိုင်တွေက ကြေညာခဲ့တာကို ဒေသခံတွေက အခုလိုတုန့်ပြန်လိုက်တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံရွာက ဦးအောင်သန်းမျိုးက ခုလိုပြောပါတယ်။
"မိုးကြိုးပြင် အုပ်စု၊ ဇီးတောရွာ၊ ဆည်တည်းရွာ အားလုံးပေါင်းရင် ၁၁ ရွာလောက်ရှိပါတယ်၊ အဲဒီ ၁၁ ရွာရဲ့ ဆုံးဖြတ်ချက်အရ မည်သူတစ်ဦးတစ်ယောက်မျှ မြေယာလျော်ကြေး မယူဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် ပြောချင်ပါတယ်"
ဒါ့အပြင် အခုရက်ပိုင်းအတွင်းမှာ သတ္တုတွင်းဝန်ကြီးဌာန နဲ့ လွှတ်တော်က တာဝန်ရှိသူများလာရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံဖို့ရှိတယ်ဆိုတဲ့ သတင်းထွက်နေတာကြောင့် ဒေသခံတွေအနေ နဲ့ တင်ပြဖို့အချက်တွေ စီစဉ်ထားတယ်လို့ မူလ ဝက်မှေးရွာဟောင်းက ကိုအောင်ဇော်ဦးက ပြောပါတယ်။
ဒေသခံတွေအနေနဲ့ လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းရေးကော်မရှင်က တင်ပြထားတာတွေကို အကောင်အထည်ဖော်ရေးအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဒေသခံတွေနဲ့ အပြေအလည်ညှိနှိုင်းပြီးမှဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။