လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြားမှာ ပိတ်မိနေသူတွေကို MNDAA က ဘေးလွတ်ရာပို့ပေးနေ
2023.11.08

မြောက်ပိုင်းညီနောင်သုံးဖွဲ့ တိုက်ပွဲကြောင့် လောက်ကိုင် - ချင်းရွှေဟော်လမ်း ပါစင်ကျော်ရွာအနီးမှာ ပိတ်မိနေတဲ့ ဒုက္ခသည်ရှစ်ရာကျော်ကို ကိုးကန့် MNDAA တပ်ဖွဲ့က ချင်းရွှေဟော်မြို့ကို ပို့ဆောင်ပေးနေပြီး တချို့ကိုတော့ “ဝ”ဒေသ နမ့်တစ်မြို့ကို ရွှေ့ပြောင်းနေတယ်လို့ ပိတ်မိနေတဲ့ အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။
“သူတို့ မနေ့က လေးနာရီလောက်က စလွှတ်ပေးတယ်။ လမ်းမှာတော့ သူတို့က လက်နက်တွေပါလား မပါလား စစ်တာတော့ ရှိတယ်။ လမ်းမှာ ကားကြုံနဲ့လူတွေ တင်ပေးပြီး ချင်းရွှေဟော်မှာ ချပေးဖို့ပြောတာ ရှိတယ်။ ညီမတို့တော့ “ဝ” ဘက်အခြမ်း မိုင်းမောကို ရောက်ပြီ”
ချင်းရွှေဟော်မြို့မှာ ရောက်နေတဲ့ ဒုက္ခသည်တွေကိုလည်း နမ့်တစ်မြို့ဘက်အခြမ်းကို ပို့ဆောင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
MNDAA ပြန်ကြားရေးတာဝန်ခံ လီကျားဝမ်ကလည်း ပိတ်မိနေသူတွေကို ကူညီနိုင်ဖို့ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့ပြီး ဘေးလွတ်ရာကို ပို့ဆောင်ပေးနေပြီလို့ RFA ကို ပြောပါတယ်။
“ပိတ်မိနေတဲ့သူတွေကို အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့ပြီး စတင်ကူညီနေပြီဗျ။ မနေ့ကပဲ စတာပါ။ လူဦးရေလည်း အရမ်းများတော့ ချက်ချင်းကြီးတော့ မဖော်ဆောင်နိုင်ပေမယ့် တတ်နိုင်သလောက် ခွဲပြီး အသုတ်လိုက် ကူညီပေးသွားမှာပါ”
ချင်းရွှေဟော်မြို့ဘက်အခြမ်းမှာ MNDAA က နေရာယူထားပြီး လောက်ကိုင်ဘက်အခြမ်းမှာတော့ စစ်ကောင်စီတပ်က နေရာယူထားတာကြောင့် ဒုက္ခသည် ရှစ်ရာကျော်ဟာ တိုက်ပွဲကြား ပိတ်မိနေခဲ့ကြရတာပါ။
တိုက်ပွဲစဖြစ်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကတည်းက နောင်ချို၊ လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ ဟိုပန်၊ လောက်ကိုင်၊ မူဆယ်၊ ကွတ်ခိုင်နဲ့ နမ့်ခမ်းလမ်းတွေမှာ ခရီးသွားလာလို့မရဘဲ လမ်းပန်းဆက်သွယ်ရေး အားလုံး ပြတ်တောက်နေတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တိုက်ပွဲကြောင့် ချင်းရွှေဟော်မြို့ကနေ တရုတ်ဘက်ကို တိမ်းရှောင်ခဲ့ရတဲ့ မြန်မာနိုင်ငံသား ငါးထောင်ဝန်းကျင် ချင်းရွှေဟော်ကနေ “ဝ”ဒေသ နမ့်တစ်ဘက်ကို ပြန်လည်ဝင်ရောက်ခဲ့ကြပါတယ်။
သူတို့ကို “ဝ” တပ်ဖွဲ့တာဝန်ရှိသူတွေက ကူညီပေးနေပြီး နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးနေတယ်လို့ “ဝ” ဆက်ဆံရေးရုံးတာဝန်ခံ ကိုညီရမ်းက RFA ကို ပြောထားပါတယ်။
ရှမ်းမြောက်ဒေသမှာ တိုက်ပွဲကြောင့် ဒေသခံ ရှစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး “ဝ”ဒေသ နမ့်တစ်မြို့မှာ လူဦးရေ သုံးသောင်းနီးပါး ခိုလှုံနေကြရပါတယ်။