လောက်ကိုင်မှာ လက်နက်ကြီးကြောင့် နှစ်ဦးသေဆုံးပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရ
2023.11.12

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အထွက် ပါစင်ကျော်ဂိတ် အနီးမှာ နိုဝင်ဘာလ ၁၁ ရက်မနေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသားနှစ်ဦး သေဆုံးပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ လောက်ကိုင်မြို့ခံတွေက ပြောပါတယ်။
ပါစင်ကျော်ဂိတ်ဟာ ချင်းရွှေဟော်နဲ့ လောက်ကိုင်ကို ဆက်သွယ်ထားတဲ့ အဓိကလမ်းမကြီးပေါ်မှာရှိပြီး လက်ရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ထိန်းချုပ်ထားတာလို့ ဒေသခံတွေက ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လောက်ကိုင်မြို့ခံတစ်ဦးကတော့ စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာလို့ RFA ကို ပြောပါတယ်။
“အဲဒီဂိတ်ကို ပြီးခဲ့ရက်ကတည်းက ပိတ်ထားတာ။ မနေ့က ပြန်ဖွင့်ပြီအထင်နဲ့ သွားကြတာ။ MNDAA ကလည်း ခရီးမသွားကြဖို့ တားထားတာရှိတယ်။ အဲဒီဂိတ်မှာ MNDAA ရှိတယ်။ အဲဒီဂိတ်ကို လက်နက်ကြီးပစ်တော့ ဂိတ်အနီးမှာ ပိတ်မိနေသူတွေ ထိသွားတာ”
သေဆုံးသူတွေဟာ လောက်ကိုင်မြို့ခံတွေမဟုတ်ဘဲ တခြားဒေသက အလုပ်လာလုပ်တဲ့သူတွေ ဖြစ်တာကြောင့် ဘယ်သူဘယ်ဝါဆိုတာ အသေးစိတ် မသိရဘူးလို့ ဆိုပါတယ်။
လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးမှု အရေအတွက် အတိအကျကို RFA အနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီနေ့မနက်ပိုင်းမှာလည်း အဲဒီဂိတ်အနီးမှာ ပစ်ခတ်သံတွေကြားရသလို မြို့အစွန်ဘက်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ လောက်ကိုင်ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ MNDAA က လောက်ကိုင်မြို့အနီးအထိ ကပ်လာ တာကြောင့် ပါစင်ကျော်ဂိတ်အနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ ပြန်လည်ခုခံခဲ့တယ်လို့ နိုဝင်ဘာလ ၁၁ ရက်ညက ပြည်တွင်းမီဒီယာတွေကို ဖြေဆိုထားပါတယ်။
တိုက်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတဲ့ လောက်ကိုင်မြို့မှာ ဆန်အပါအဝင် အခြေခံ စားသောက်ကုန် ပြတ်လပ်နေပြီး အလုပ်လာလုပ်တဲ့ အရပ်သားငါးထောင်ထက်မနည်းလည်း နေရပ်မပြန်နိုင်ဘဲ ပိတ်မိနေတာပါ။
တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်မျဉ်း အမှတ် BP -125 စစ်ဘေးဒုက္ခသည်စခန်းကို တိမ်းရှောင်လာတဲ့ ဒုက္ခသည် တစ်သောင်းရှစ်ထောင်နီးပါးအထိ ရှိလာပြီလို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတင်းနဲ့ ပြန်ကြားရေးဌာနက နိုဝင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။